Cervicitis သားအိမ်ဝ ရောင်ခြင်း
ကျမ အသက်၂၉ နှစ်၊ ကလေးတစ်ယာက်ရှိပြီး ကလေးအသက်၂ နှစ်ခွဲဆရာရှင့်။ သားအိမ်ခေါင်းရောင်တာ စိုးရိမ်ရပါသလား။ ဘာ့ကြောင့်ရောင်တတ်ပါသလဲ။ ဆရာ့ blog မှာမတွေ့လို့ပါ။ အမှားပါက တောင်းပန်ပါတယ်ရှင့် စိတ်ပူလို့ပါ။
သားအိမ်အဝရောင်တဲ့ရောဂါ အဖြစ်များတယ်။ အမျိုးသမီးတဝက်လောက် တသက်မှာတခါ ဖြစ်တတ်ကြတယ်။ ဖြစ်နေမှန်း မသိကြတာလဲ မနည်းဘူး။ (ဗဂျိုင်းနား) ရောင်ရာကနေလဲ ဆက်ဖြစ်လာနိုင်တယ်။ အသက်ငယ်ငယ်နဲ့ ဖို-မဆက်ဆံတာ၊ လိင်ဆက်ဆံနည်းဆန်းပြားတာ၊ (ကွန်ဒွမ်) မပါဘဲ ဆက်ဆံတာ၊ အရင်က STDs လိင်ကတဆင့်ကူးစက်ရောဂါ ဖြစ်ဘူးတာ၊ လိင်ဆက်ဆံဘက် အဖေါ်များတာတွေက ဒီရောဂါပိုဖြစ်စေပါတယ်။
အရင်ဆုံးသိလာမဲ့လက္ခဏာကတော့ မွေးလမ်းကြောင်းကနေ တခုခုဆင်းတာဖြစ်တယ်။ အဖြူရောင်၊ အဝါရောင်၊ မီးခိုးရောင်၊ အစိမ်းရောင်တွေ ဆင်းနိုင်တယ်။ ရာသီဆင်းအပြီး ပိုသိသာတယ်။ ယားမယ်၊ အနေရခက်မယ်၊ ဆက်ဆံရင် မနာသင့်ပဲနာမယ်၊ ကြားရက်ဖြစ်ဖြစ်၊ ဆက်ဆံနေတုံးဖြစ်ဖြစ် သွေးဆင်းမယ်၊ ဆီးပူ-ဆီးအောင့်မယ်၊ ခါးဖြစ်ဖြစ် ဆီးစပ်ဖြစ်ဖြစ် နာမယ်။ ဆိုးတဲ့အဆင့်ဖြစ်လာရင် အနံ့ဆိုးဝါးတာတွေဆင်းမယ်။ ဒိနောက် ကိုယ်ပူလာမယ်၊ ပျို့ခြင်လာမယ်။
ရောဂါလို့ သံသယနဲ့လာသူကို ရောဂါရာဇဝင်မေးတယ်။ ခံစားနေရာတာအပြင် လိင်ဆက်ဆံရေး၊ အိမ်ထောင်ရေးမေးမယ်။ မွေးလမ်းစစ်ဆေးမယ်။ မွေးလမ်းကဆင်းနေတာကို ရယူစစ်ဆေးမယ်။ သားအိမ်အဝကင်ဆာ ဟုတ်-မဟုတ်ကို Pap smear test နည်းနဲ့ သိနိုင်တယ်။
လိင်ကတဆင့် ကူးစက်ရောဂါတွေထဲက ဂနိုရီးယား၊ (ကလာမိုင်ဒီယား)၊ (ထရွိုင်ကိုမိုးနပ်စ်)၊ (အိတ်ချ်အိုင်ဗွီ)၊ လိင်လမ်း ရေယုံတွေကနေ ဖြစ်လာစေနိုင်တယ်။ HPV လိင်လမ်း-ကြွက်နို့ကနေ အဲလို ဖြစ်လာနိုင်တယ်လို့ဆိုပေမဲ့ Mayo Clinic ကတော့ သက်သေ မရှိဘူးလို့ ဆိုပါတယ်။
ရောဂါပိုး မဟုတ်ပေမဲ့ မွေးလမ်းကြောင်းသုံး သန့်ရှင်းရေးဆေးရည်တွေ၊ (တကိုယ်ရေသန့်ရှင်းရေးလုပ်နည်းစာဖတ်ပြီး လိုက်နာပါ။) ရာသီလာတုံးသုံးတဲ့ ပစ္စည်းတွေ၊ ကိုယ်ဝန်တား ပစ္စည်း-ဆေးတွေ၊ သုတ်ပိုးသတ်ဆေး၊ (ကွန်ဒွမ်) တွေနဲ့ မတည့်သူတွေမှာလဲ ပိုးဝင်တာ ပိုလွယ်စေတယ်။ စစ်ဆေးရာမှာသုံးတဲ့ ခွဲစိတ်ကရိယာတွေကနေလဲ ပိုးမသန့်ရင် ဖြစ်နိုင်တယ်။ ဗဂျိုင်းနားထဲမှာနေတဲ့ ဗက်တီးရီးယားတွေ ပုံမှန်မဟုတ်ရာကနေလည်း ဖြစ်စေနိုင်တယ်။ ဥပမာ ပိုးသေဆေး။ ပိုးသေဆေးတွေကို မလိုအပ်ပဲမသောက်ပါနဲ့။ တချို့မှာ ဘာလို့ဖြစ်သလဲ ရှာမတွေ့တတ်ပါ။
၁။ (ကလာမိုင်ဒီးယား) ပိုးက (ဂနိုးရီးယား) ပိုးထက်ပိုပြီး အဖြစ်များတယ်။
(ကလာမိုင်ဒီးယား) ကို ကုသရတာ မခက်ပါ။
• Azithromycin 1 gm တခါတည်းသောက်ပါ။ ဒါမှမဟုတ်
• Azithromycin 500mg ပဌမနေ့၊ 250mg တနေ့တကြိမ်နဲ့ နောက်ထပ် ၃ ရက်၊ ဒါမှမဟုတ်
• Doxycycline 100 mg တနေ့ ၂ ကြိမ်၊ ၇-၁၄ ရက်သောက်ပါ။
• HIV-positive ဖြစ်နေသူတွေလဲ အတူတူပေးနိုင်တယ်။
• Tetracycline 250-500 mg တနေ့ ၄ ကြိမ်၊ ၁၄ ရက်၊ Rosaramicin ဆေးတွေကို 95% ပျောက်မယ်။
• Erythromycin 250-500-800 mg တနေ့ ၄ ကြိမ်၊ ၇ ရက်။ ဆေးပေးတာ ၇၇-၁ဝဝ% ပျောက်တယ်။
• Ofloxacin, Trovafloxacin, Minocycline, Lymecycline, Clarithromycin, Ampicillin, Rifampicin ဆေးတွေ ပေးတာကို တိကျတဲ့အထောက်အထား မရှိသေးဘူး။
• Ciprofloxacin ပေးတာ ၆၃-၉၂% ပျောက်တယ်လို့ သုတေသနတခုကတွေ့ပြီး နောက်တခုက မတွေ့ရဘူး။
• ကိုယ်ဝန်ဆောင်ကို Azithromycin တခါတည်းပေးတာက ၇ ရက်ပေးတာထက် ပိုကောင်းတယ်။
• ဆေးသောက်နေတုံးမှာ အတူနေတာကို တပါတ်ရှောင်နေသင့်ကြတယ်။
၂။ နည်းနည်းပါးပါး ဖြစ်တတ်တဲ့ (HSV) ရေယုံ နဲ့ (ထရွိုင်ကိုမိုးနပ်စ်) ပိုးတွေကနေ သားအိမ်အဝရဲ့ အပေါ်ယံလွှာကို ထိခိုက်စေတယ်။ မွေးလမ်းရေယုံဆိုရင် Acyclovir (Zovirax) ဆေးပေးမယ်။
၃။ Mycoplasma genitalium, Streptococci (A and B) (ဗက်တီးရီးယား) တွေကလဲ ဖြစ်စေတယ်။ ပိုးသေဆေးတွေကနိုင်တယ်။ ဥပမာ Amoxicillin အမောက်ဆာစလင် 250-500 mg တနေ့ ၂-၃ ကြိမ်။ (သို့) 500 mg တနေ့ ၂ ကြိမ် (သို့) 750 mg တနေ့ ၂ ကြိမ်၊ ကလေး = 125-250 mg တနေ့ ၃ ကြိမ် ၁ဝ-၁၄ ရက်။ ကလေး = 20-40 mg/kg/day တနေ့ ၃ ကြိမ်။
၄။ Cytomegalovirus (ဗိုင်းရပ်စ်) ကြောင့်ဖြစ်ရင် လက္ခဏာမပြတာ များတယ်။
ပိုးသေဆေးတွေက အတော်နိုင်ပါတယ်။ လိင်ကတဆင့် ကူးစက်ရောဂါတွေဆိုရင် ဆိုင်ရာ-နိုင်ရာဆေးတွေ ပေးရမယ်။ စိတ်ချရတဲ့ လိင်ဆံမှုပြုပါ။ ကိုယ့်အဖေါ်ကိုယ်သိပါ။ အဖေါ်များတာ မကောင်းပါ။ ရောဂါပိုးက မွေးလမ်းမှာ ရောဂါစကတည်းက သားအိမ်အထိမရောက်ခင် ဆေးကုပါ။
ဘာမှမခံစားရလို့ မကုဘဲနေရင် ကြာတော့ -
၁။ PID ခေါ် တင်ပဆုံတွင်းအင်္ဂါတွေ ရောင်တာ ဆက်ဖြစ်လာနိုင်တယ်။
၂။ ကလေးမရ ဖြစ်နိုင်တယ်။
၃။ သားအိမ်ပြင်ပ သန္ဓေတည်နိုင်တယ်။
၄။ ဆီးစပ်နေရာ တာရှည် နာနေတတ်တယ်။
၅။ သူ့အလိုလို ကိုယ်ဝန် ပျက်တတ်တယ်။
၆။ သားအိမ်အဝကင်ဆာ ဖြစ်နိုင်တယ်။
၇။ ကလေး စောမွေးနိုင်တယ်။
၈။ မွေးလာတဲ့ကလေး ပိုးဝင်နိုင်တယ်။ နူမိုးနီးယား၊ မျက်စိထိခိုက်တာတွေ ဖြစ်နိုင်တယ်။
သားအိမ်ဝဟာ သားအိမ်ကို ပိုးမဝင်အောင် တားထားသလိုလုပ်တာမို့ သူကရောင်နေရင် သားအိမ်ကိုပါ ရောင်စေနိုင်တယ်။ အထူးသဖြင့် လိင်ကတဆင့်ကူးစက်ရောဂါပိုးတွေဖြစ်တယ်။ PID ခေါ် တင်ပါးဆုံတွင်းအင်္ဂါတွေရောင်စေနိုင်တယ်။ အဲလိုကနေ HIV ဝင်လာမှာလည်းသတိပြုရမယ်။
Dr. တင့်ဆွေ
Credit Source: https://doctortintswe.blogspot.com/2015/03/cervicitis.html