Cervical intraepithelial neoplasia (CIN) သားအိမ်ဝ ရောဂါတမျိုး

၁။ ကျမအသက် ၄ဝ နှစ်ပါ။ သားသမီး၂ယောက်ရှိပါတယ်။ အသက် ၃ဝ မှာသားကြောဖြတ်ထားပါတယ်။ လွန်ခဲ့တဲ့ ၁ နှစ်က ဆေးစစ်တဲ

October 30, 2014
Cervical intraepithelial neoplasia (CIN) သားအိမ်ဝ ရောဂါတမျိုး

Cervical intraepithelial neoplasia (CIN)

၁။ ကျမအသက် ၄ဝ နှစ်ပါ။ သားသမီး၂ယောက်ရှိပါတယ်။ အသက် ၃ဝ မှာသားကြောဖြတ်ထားပါတယ်။ လွန်ခဲ့တဲ့ ၁ နှစ်က ဆေးစစ်တဲ့အနေနဲ့ Pap Test စစ်ကြည့်ပါတယ်။ အဖြေက CIN1 to CIN2 and actue Inflammatory cervical smear ဖြစ်နေပါတယ်။ သားအိမ်ခေါင်းရောင်နေတယ်လို့လည်းပြောပါတယ်။ ဆရာဝန်က သားအိမ်ထုတ်ခိုင်းပါတယ်။ မထုတ်ရင် ၆ လကြာရင်ပြန်စစ်ခိုင်းပါတယ်။ ပြီးတော့ ပိုးသတ်ဆေး ၂ ကတ်သောက်ခိုင်းပါတယ်။ ၆လကြာတော့ သေချာရအောင် Pap Test/ Colposcopy ကိရိယာနဲ့ကြည့်ပြီး Biopsy အသားစယူပြီးစစ်ပါတယ်။
Pap Test= Inflammatory smear; Pap
Biopsy= Chronic papillary cervicitis with CIN1 ဖြစ်ပါတယ်။ ဆရာဝန်မက ဆေးသောက်ဖို့မလိုဘူးပြောတယ်။ ကာကွယ်ဆေးထိုးခိုင်းပီး ၆လ ကြာရင်ပြန်စစ်ခိုင်းပါတယ်။ သားအိမ်ခေါင်းကင်ဆာက ကြိုသိရင် ဆေးစားပြီး ပျောက်အောင်ကုနိုင်ပါတယ်လို့ပြောပါတယ်။ အခုကျမကိုဘာဆေးမှ မစားခိုင်းဘူးပါဘူး။ ဘယ်လိုဆက်လုပ်သင့်ပါသလဲ။ ဆရာ အကြံဉာဏ်လေးလိုချင်ပါတယ်။ ဒီအဆင့်မှာ သားအိမ်ထုတ်ဖို့လိုပါသလားဆရာ။ ကျေးဇူးတင်ပါတယ်ဆရာ။
၂။ ကျွန်တော်၏ အမျိုးသမီး (၃၉ နှစ်) သည် ပြီးခဲ့သော September လဆန်းပိုင်းက၊ မြန်မာပြည်တွင် Ultrasound, Biopsy, CT scan, Pep smear Test ပြုလုပ်ခဲ့ရာ သားအိမ်ခေါင်း ကင်ဆာ (CIN 1, HPV Infection) ဟု အဖြေထွက်ခဲ့ပါသည်။ ဘန်ကောက်မြို့ N-Health ဓါတ်ခွဲခန်းသို့ ပေးပို့ပြီး Thin Prep Test စစ်ဆေးရာတွင်လည်း Negative for Intraepithelial Lesion or Malignancy. Mild inflammation. Reactive epithelial cellular changes. Partially obscuring blood. ဟု အဖြေထွက်ခဲ့ပါသည်။

မြန်မာပြည်တွင် ပြသလျှက်ရှိသော OG မှ မြန်မာအခေါ် မီးရှို့လျှင် ပျောက်ကင်းနိုင်ကြောင်း ပြောပါသည်။ အဖြေကို ပိုမိုသေချာစေရန် September 23 ရက်တွင် Bangkok Hospital ရှိ OG နှင့် ထပ်မံသွားရောက် ပြသရာတွင် စိုးရိမ်စရာ မလိုကြောင်း နောက် လေးလ ကြာမှ နောက်ထပ် စစ်ဆေးမှုများပြုလုပ်ရန် လိုကြောင်းသာ ပြောပါသည်။ မီးရှို့ကုသခြင်း၏ နောက်ဆက်တွဲ အကျိူးအပြစ်များကို ရှင်းလင်းစွာ သိရှိလိုပါသည်။ မြန်မာပြည်မှ OG အများစုသည် ယခုအခြေအနေ (CIN 1) သည် မီးရှို့ကုသခြင်းဖြင့် ပျောက်ကင်း နိုင်သည် ဟု ပြောဆိုကြပါသည်။ Bangkok Hospital ရှိ OG အား သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးထိုးရန် ပြောကြည့်ရာ တစ်လင် တစ်မယား နေပါက ထိုးရန်မလိုဟုသာ တွင်တွင်ပြောပါသည်။ ထို့ကြောင့် မြန်မာပြည်နှင့် ကွာခြားသောအချက်ကို တွေ့ရှိရပါသည်။ မြန်မာပြည်တွင် သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးထိုးရန် မည်သူ့ကိုမဆို တိုက်တွန်းပါသည်။ သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေး ထိုးခြင်း၏ အကျိူးအပြစ်များကို ရှင်းလင်းစွာ သိလိုပါသည်။ ရောဂါကူးစက်နိုင်သော အကြောင်းအရင်းများ အားလုံးကိုလည်း သိလိုပါသည်။ ကျွန်တော်တို့သည် တစ်ယောက်နှင့်တစ်ယောက် သစ္စာရှိသော အိမ်ထောင်သည်များဖြစ်ကြပါသည်။ အဘယ်ကြောင့် CIN 1, HPV Infection ဖြစ်ရပါသလဲ။ တစ်ခုပြောစရာရှိသည်မှာ ကျွန်တော်၏ အမျိုးသမီးသည် ၃ ကြိမ် သားလျှောခဲ့သဖြင့် အပြင်ဆေးခန်းတွင် ၂ ကြိမ် နှင့် ဗဟိုအမျိုးသမီး ဆေးရုံကြီးတွင် ၁ ကြိမ် DC လုပ်ခဲ့ဖူးပါသည်။

http://2.bp.blogspot.com/-1plArUtrH7w/T9XtAVlppjI/AAAAAAAATS0/d6VwBmbPkyY/s200/Cervical%2Bintraepithelial%2Bneoplasia%2B%2528CIN%2529%2Bmosaic%2Bpattern%2Bof%2Bcervix%2Bwith%2BLugol%2Biodine.pngCervical intraepithelial neoplasia (CIN) mosaic pattern of cervix with Lugol iodine
Cervical interstitial neoplasia (CIN) ရောဂါကို Cervical dysplasia လို့လဲ ခေါ်တယ်။ ဒါပေမဲ့ Potentially premalignant transformation ကင်ဆာ မတိုင်မီအဆင့်ကို ပြောင်းသွားနိုင်ချေ ရှိတယ်။ ဆေးမကုဘဲလဲ ကိုယ်ခံစွမ်းအားနဲ့ ပျောက်သွားနိုင်တယ်။ ရာခိုင်နှုန်း နဲနဲလေးဟာ Cervical cancer သားအိမ်ဝ-ကင်ဆာ ဖြစ်နိုင်တယ်။ Cervical squamous cell carcinoma (SCC) လို့ ခေါ်မယ်။ ဒါကလဲ ကိုယ်ခံအားနဲ့ မပျောက်၊ ဆေးလဲ မကုမှသာ ဖြစ်တယ်။ အမေရိကားမှာ အမျိုးသမီး ၂ သိန်းခွဲကနေ ၁ သန်းမှာ ၁ ယောက် CIN ဖြစ်နေတာ နှစ်တိုင်းတွေ့ရတယ်။ အသက် ၂၅ ကနေ ၃၅ ကြားမှာ အဖြစ်များတယ်။

CIN ဘာလို့ဖြစ်သလဲဆိုရင် Human papillomavirus (HPV) (ပပယ်လိုမား-ဗိုင်းရပ်စ်) ပိုးဟာ လိင်ကတဆင့် ကူးစက်ပြီး Chronic infection of the cervix သားအိမ်ဝမှာ နာတာရှည် ရောင်တာကနေ ဖြစ်တယ်။ HPV types အမျိုးအစား ရာကျော်ထဲက တဒါဇင်ကနေ၊ အဲဒီထဲက HPV 16, 18, 31, or 45 ကနေ အဖြစ်များတယ်။ ကျန်တဲ့ အမျိုးအစားတွေက Warts ကြွက်နို့ ဖြစ်စေတယ်။

အိမ်ထောင်ဘက် ဒါမှမဟုတ် ယောက်ျားဖေါ် များသူတွေ၊ ဆေးလိပ်သောက်သူတွေ၊ ကိုယ်ခံအား နည်းသူတွေ၊ ငယ်ငယ်နဲ့ ကလေး မွေးသူတွေဟာ ဖြစ်နိုင်ခြေများတဲ့ အမျိုးသမီးတွေ ဖြစ်ကြတယ်။

ဖြစ်ကာစမှာ ဘာမှ မခံစားရဘူး။ Pap smear စမ်းသပ်နည်းနဲ့ သိလာရတယ်။ Papanicolaou test, Pap test, Cervical smear, Smear test လို့ အမျိုးမျိုး ခေါ်တယ်။ Vagina မွေးလမ်းကြောင်း ထဲကို ကြည့်လို့ရတဲ့ Speculum ကရိယာထည့်မယ်။ Endocervical brush ကို အဝထဲထည့်ပြီးလှည့်၊ သားအိမ်ဝ အပြင်ပေါက်အနားက (ဆဲလ်) တွေကို Aylesbury spatula ဆိုတာလေးနဲ့ယူ၊ မှန်ပြားလေးပေါ် တင်ပြီး၊ ဓါတ်ခွဲခန်းမှာ မှန်ဘီလူးနဲ့ စစ်ဆေးမယ်။

Cervical dysplasia ကို Pap smear လုပ်တော့ Squamous intraepithelial lesion (SIL) ဆိုတာနဲ့ အဆင့်ခွဲတယ်။
- Low-grade (LSIL) အဆင့်နိမ့်၊
- High-grade (HSIL) အဆင့်တက် နဲ့
- Possibly cancerous (Malignant) ကင်ဆာဖြစ်လုနီးလို့ သတ်မှတ်တယ်။

Pap smear မှာ အဲလို မူမှန်မဟုတ်တာ ပြနေရင် ဆက်လုပ်စရာတွေ လိုမယ်။
၁။ Follow-up Pap smears သာမန်အဆင့်ကို နောက်တခါ ခေါ်စစ်မယ်။
၂။ Colposcopy-directed biopsy နည်းနဲ့ အသားစဖြတ်ယူစစ်ဆေးမယ်။
၃။ Cone biopsy may be done after colposcopy နည်းနဲ့ လိုအပ်ရင် အသားစဖြတ်ယူစစ်ဆေးမယ်။

Biopsy အသားစဖြတ်ယူစစ်ဆေးလို့ Dysplasia တွေ့ရရင် Cervical intraepithelial neoplasia (CIN) ခေါ်တယ်။ အဆင့်ခွဲရင် -
CIN I = Mild dysplasia အဆင့် (၁)၊
CIN II = Moderate to marked dysplasia အဆင့် (၂) နဲ့
CIN III = Severe dysplasia to carcinoma in situ အဆင့် (၃) ရှိတယ်။

Mild dysplasia (LSIL or CIN I) သာမန်အဆင့်တွေကို ၃-၆ လကြာရင် ထပ်စစ်ဘို့ သင့်တယ်။ မပျောက်သေးတာ တွေ့လာရင် ဆေးကုဘို့ လိုမယ်။ Higher grade CIN အဆင့်ကို Removal or destruction of the neoplastic cervical cells ကင်ဆာ (ကလပ်စည်း) တွေကို ဖျက်ဆီး ထုတ်ပြစ်နည်းတွေ လုပ်ရမယ်။
၁။ Cryocautery အေးခဲနည်းသုံးခြင်း၊
၂။ Electrocautery လျှပ်စစ်မီးရှို့ခြင်း၊
၃။ Laser cautery လေဆာနည်း၊
၄။ Loop electrical excision procedure (LEEP) လျှပ်စစ်သုံး ဖြတ်ထုတ်ခြင်း နဲ့
၅။ Cervical conization နည်းတွေ ရှိတယ်။
၆။ Therapeutic vaccines ကာကွယ်ဆေးသုံး ကုသနည်းလဲ ရှိနေပြီ။

Prognosis အလားအလာ
အများစုက သူ့ဖါသူပျောက်တယ်။ ဆေးမကုသဘဲ CIN-1 ထဲက ၇ဝ-၉ဝ% ဟာ ၂ နှစ်အတွင်း ပျောက်သွားမယ်။ CIN 2 ထဲက ၅ဝ% ဟာ ၂ နှစ်အတွင်း ပျောက်သွားမယ်။ ပျောက်သွားသူလဲ ထပ်ဖြစ်တတ်တယ်။ ကင်ဆာ ပြောင်းဘို့ ဆိုတာ ၃-၄ဝ နှစ်၊ ပျမ်းမျှ ၁၅ နှစ် ကြာတယ်။ ၂ဝ% ဖြစ်မယ်လို့ ယူဆချက်တခု ရှိတယ်။ စောစောသိလို့ ဆေးကုတာ အကောင်းဆုံးဖြစ်တယ်။ အားလုံးလောက်နီးနီး ကောင်းတယ်။

Prevention ကာကွယ်နည်း
- Poor personal hygiene တကိုယ်ရေသန့်ရှင်းရေးနည်းတာ၊
- Poor diet အစာအာဟာရမပြည့်စုံတာ၊
- Multiple sexual partners ယောက်ျားဖေါ် များများထားတာ၊
- Lack of condom use ဆက်ဆံရာမှာ (ကွန်ဒွမ်) မသုံးတာ၊
- Cigarette smoking စီးကရက် သောက်တာတွေကြောင့် ကင်ဆာအဆင့်ကို ပိုရောက်စေနိုင်တယ်။

မိန်းကလေးတိုင်း ၉-၂၆ နှစ် သမီး၊ တနည်းအားဖြင့် လိင်မှုဆိုတာ မဖြစ်သေးချိန်ကတည်းက ကာကွယ်ဆေးထိုးပါ။ သားအိမ်ကင်ဆာကို ၇ဝ% ကာကွယ်နိုင်တယ်။ လိင်ဆက်ဆံတာ စောလေလေ ဖြစ်နိုင်လေဆိုတာ သတိထားပါ။ Safe sex စိတ်ချရတဲ့ လိင်ဆက်ဆံမှုသာ ပြုပါ။ Condom (ကွန်ဒွမ်) သုံးပါ။ကျွန်တော်က OG တော့ မဟုတ်ပါ။

Dr. တင့်ဆွေ
Credit Source: https://doctortintswe.blogspot.com/2014/10/cervical-intraepithelial-neoplasia-cin.html


Healthy Life

253 Blog posts

Comments