Egg freezing မျိုဥခဲခြင်း

• အမျိုးသမီးတွေ အရွယ်ကောင်းမှာ မျိုးဥကိုထုတ်ယူပြီး အေးခဲနည်းနဲ့သိမ်းထားမယ်ဆိုရင် အချိန်မရွေး ကလေးရန

October 29, 2014
Egg freezing မျိုဥခဲခြင်း

Egg freezing

• အမျိုးသမီးတွေ အရွယ်ကောင်းမှာ မျိုးဥကိုထုတ်ယူပြီး အေးခဲနည်းနဲ့သိမ်းထားမယ်ဆိုရင် အချိန်မရွေး ကလေးရနိုင်ပါမယ်။
• အမေရိကမှာ ယဉ်ကျေးမှုက မြန်မာပြည်နဲ့ကွာခြားတာတွေ အများကြီးထဲမှာ အိမ်ထောင်သားမွေးတာက ထိပ်ဆုံးကလို့ပြောရပါမယ်။ သူတို့ဆီမှာ မင်္ဂလာမဆောင်သေးပဲ အတူနေကြတာတွေ၊ ကလေးအမေ ‘ဆင်ဂယ်လ်’ တွေ၊ ရက်ချိန်းနဲ့ ချစ်တင်းနှောတာတွေ၊ စတာတွေကို မြန်မာမြည်သူပြည်သားတွေက သိထားကြပြီးဖြစ်ပါမယ်။
• အလုပ်အကိုင်လုပ်ကြရတာလဲ ကျွန်တော်တို့ဆီနဲ့ သိသိသာသာမတူတာလဲ သိကြမှာပါ။ လူတိုင်းက အလုပ်လုပ်ရတယ်။ လင်မယားဖြစ်လဲ နှစ်ယောက်လုံး အလုပ်လုပ်ကြရသူက အလွန်များတယ်။ နောက်တချက်က အမျိုးသမီးတွေကနေ ယောက်ျားတွေလိုပဲ မျိုးပွါးအခွင့်ရေးဘို့လဲ ဦးစားပေးလုပ်နေကြတယ်။
• မျိုးပွါးဘို့ဆိုတာ အမျိုးသမီးတွေမှာ အသက်အရွယ်က အများကြီးစကားပြောတယ်။ အသက် ၃၅ ကျော်လာရင် ကလေးရဘို့ ခက်တတ်တယ်။ အမှန်က ၂၇ နှစ်ကတည်းက စကျဆင်းလာတာပါ။ ရောဂါဘယတွေကလဲ ပေါများတယ်။ အလုပ်လုပ်နေသူတွေ ရာထူးတက်ဘို့ဆိုတာ အလုပ်မပျက်ဘို့၊ ကြိုးစားဘို့လဲလိုတယ်။ စီးပွါးရေးအတွက်ကြောင့်ဖြစ်ဖြစ် ရာထူးတက်ဘို့ဖြစ်ဖြစ် လုပ်နေရချိန်နဲ့ မျိုးပွါးဘို့အကောင်းဆုံးအရွယ် ထပ်တူကျနေတတ်တယ်။
• အဲဒီအခက်အခဲကို ဖြေရှင်းနိုင်မဲ့နည်းကို အခုကျယ်ကျယ်ပြန့်ပြန့်သုံးလာကြပါပြီ။ အရွယ်ကောင်းတုံးမှာ မျိုးဥကိုထုတ်ယူပြီး သိမ်းထားပေးတဲ့နည်းဖြစ်ပါတယ်။ အရင်ကတော့ ကင်ဆာအတွက် ဓါတ်ကင်ရတာ၊ ကင်ဆာဆေးပေးရတာမလုပ်ခင်မှာ အဲလို မျိုးဥထုတ်ထားတဲ့နည်း လုပ်ပေးပါတယ်။
• အမေရိကမှာ ဆေးကုသရတာ အင်မတန်ဈေးကြီးလွန်းပါတယ်။ ‘မယ်ဒီကိတ်’၊ ‘မယ်ဒီကဲ’၊ အာမခံတွေ မရှိရင် မတတ်နိုင်ကြပါ။ ဒါကြောင့် ကျန်းမာရေးအာမခံစနစ်ရှိတဲ့ စီးပွါးရေး အလုပ်တွေမှာ အလုပ်ရဘို့လိုတယ်။ စီးပွါးရေးလုပ်ငန်းကြီးတွေကလဲ အရည်အချင်းနဲ့ အတွေ့အကြုံများတဲ့ အလုပ်သမားတွေကို ထိန်းထားဘို့ စီမံရတယ်။
• အမျိုးသမီးတွေ မျိုးဥထုတ်ယူအေးခဲနည်းနဲ့ သိမ်းထားပေးတဲ့ကုန်ကျစရိတ်ကို ကုမ္ပဏီတွေက ပေးလာရတယ်။ Facebook ကအဲလိုလုပ်ရတဲ့ အမျိုးသမီးဝန်ထမ်းကို ဒေါ်လာ ၂ဝဝဝဝ ပေးနေပြီ။ ၂ဝ၁၅ ဆိုရင် Apple ကပါလုပ်ပေးတော့မယ်။ Citigroup ကလဲ ပေးနေတယ်။ Google ကလည်း စဉ်းစားနေပြီ။
• IVF နည်းနဲ့ ကလေးရအောင်လုပ်နည်းမှာလဲ အသက်အပေါ်အများကြီးမူတည်တယ်။ အားလုံးထဲက ပျမ်းမျှ ၂၉့၄% အောင်မြင်တယ်။ အသက် ၃၅ နှစ်အောက်တဆိုရင် ၄ဝ% အထိ အောင်မြင်တယ်။
• မျိုးဥထုတ်ယူထားသိုနည်းဟာ အခုကာလမှာတော့ ကိုယ်ဝန်တားဆေးတွေပေါ်ကာစလိုပဲ အမျိုးသမီးတွေကြားမှာ ခေတ်စားလာတဲ့ နည်းနာသစ်တခုဖြစ်လာပါတော့တယ်။

ဒေါက်တာတင့်ဆွေ
၂၉-၁ဝ-၂ဝ၁၄
Credit Source: https://doctortintswe.blogspot.com/2014/10/egg-freezing.html


Healthy Life

253 Blog posts

Comments