Gonorrhea ဂနိုရောဂါ

1. ကာလသားရောဂါနဲ့ ဂနိုရောဂါအကြောင်းသိချင်လို့ပါ ဆရာ။ဆရာ Fb ထဲမှာ ရှာမရလို့ပါ။
2. ဆရာခင်ဗျာ အမျိုးသား‌ရောဂ

November 16, 2014
Gonorrhea ဂနိုရောဂါ

Gonorrhea

1. ကာလသားရောဂါနဲ့ ဂနိုရောဂါအကြောင်းသိချင်လို့ပါ ဆရာ။ဆရာ Fb ထဲမှာ ရှာမရလို့ပါ။
2. ဆရာခင်ဗျာ အမျိုးသား‌ရောဂါ၊ ဆစ်ဖလစ်၊ ဂနိုနဲ့ပတ်သတ်ပြီး ဆရာရေးတဲ့ post ကို ဖတ်ပါရ‌စေခင်ဗျာ။ ကျ‌နော်‌့ အသိတစ်‌‌ယောက်ကို link‌ ပေးချင်လို့ပါခင်ဗျာ။ medical writing ထဲမှာကျ‌နော်ရှာမ‌တွေ့လို့ပါဆရာ။
3. ဆရာခင်ဗျာ နားနဲ့မနာဖဝါးနဲ့နာပါခင်ဗျာ။ ကျွန်တော် ‘မာဆတ်’ မှ ကောင်မလေးနဲ့ ကျိုးတယ်ခေါ်ရမလားဘဲ၊ ဆီးသွားလျှင် အောင့်ပြီး့ ထိပ်မှာ ပြည်လို့ထင်ရတဲ့အရည်များထွက်ပါတယ်ဗျာ။ ရှက်လွန်းလို့ ဘယ်သူ့မှ မပြောရဲပါဘူး။ ဆေးခန်းလည်းမသွားရဲပါသဖြင့် ဘာဆေးများဝယ်သောက်ရပါမလဲ ညွှန်ကြားစေချင်ပါတယ်ခင်ဗျာ။

(အရင်ကတော့ ဒီလိုစာမျိုးတွေကို မတင်ပါ။ ၁၈ နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာများ ‘ဘလော့ခ်’ ပျက်သွားလို့ တင်ရတာကို နားလည်မှုပေးစေလိုပါတယ်။)

ဂနိုရောဂါဟာ လိင်ကတဆင့် ကူးစက်ရောဂါတွေထဲမှာ အများဆုံးထဲက တခုဖြစ်တယ်။ ဆီးပူညောင်းကျရောဂါလို့ အရပ်ထဲမှာခေါ်ကြတယ်။ အရင်က နည်းသွားခဲ့ရာကနေ အခု ပြန်များ လာပြန်ပြီ။ Neisseria gonorrhoeae ဗက်တီးရီးယားကြောင့် ဖြစ်တာပါ။ လိင်ဆက်ဆံရာမှာသုံးတဲ့ ကျားအင်္ဂါ၊ မအင်္ဂါ၊ ပါးစပ်၊ စအို၊ နေရာတွေကနေ ဝင်လာတာပါ။ အဖေါ်မှာ ပိုးရှိရင် ယောက်ျားတွေက ၂ဝ% မိန်းမတွေက ၅ဝ% ကိုယ့်ကို ကူးစက်ဘို့ အခွင့်အလမ်း ရှိတယ်။

(၁) ယောက်ျား
ပိုးဝင်တာနဲ့ ၂ ရက်ကနေ ၁ဝ ရက်အတွင်း လက္ခဏာတွေပေါ်တယ်။ ဆီးအောင့်မယ်။ ခပ်ပြစ်ပြစ်-ခပ်ဝါဝါ အရေ ပန်းအဖျားကနေ ဆင်းမယ်။ အစေ့ရောင်မယ်၊ နာမယ်။ ဆီးကျိတ်ရောင်မယ်၊ နာမယ်။

(၂) အမျိုးသမီး
ပိုးဝင်တဲ့နောက် ၃ ပါတ်အထိနေလို့ ပိုကြာတတ်တယ်။ ဒါလဲ ၃ဝ-၄ဝ%မှာ ဘာ လက္ခဏာမှ မပေါ်ဘူး။ သားအိမ်အဝ မှာလည်း ဖြစ်လာတတ်တယ်။ ဆက်ဆံရင်နာမယ်။ ဆီးခဏခဏသွားချင်မယ်၊ ဆီးသွားရင်နာမယ်။ ဗဂျိုင်းနာမှာ ပူစပ်လာမယ်။ အဖြူ-အဝါ-ခပ်စိမ်းစိမ်း အရောင်ဆင်းမယ်။ ကြားရက်မှာ သွေးဆင်းတတ်တယ်။ ဆက်ဆံနေတုံး သွေးဆင်းတတ်တယ်။ ပိုဆိုးတဲ့ Pelvis Inflammatory Disease ရောဂါ ဖြစ်လာတတ်တယ်။ ဗိုက်အောက်ပိုင်း ဆီးစပ်နေရာက နာမယ်။ ဖြစ်ရင် ကလေးမရတာအထိ ဖြစ်နိုင်တယ်။ ရောဂါသေခြာအောင် ဆီးလမ်း-မွေးလမ်းက ဆင်းတဲ့အရည်ကို စစ်ရတယ်။ ၂ ရက်ကြာတယ်။ သွေးစစ်ရင် သွေးဖြူဥ များနေမယ်။ ပိုးတွေ့သူတွေ တခြား လိင်ကတဆင့် ကူးစက်ရောဂါတွေ HIV, Syphilis, Chlamydia ရှိ-မရှိပါ စစ်ပါ။

(၃) ကလေးငယ်
ရောဂါရှိတဲ့ မအေက မွေးတုံးက ကလေးကိုလည်းကူးတယ်။ မျက်စိနာမယ်။ မကုရင် မျက်စိကွယ်နိုင်တယ်။

ဆေးကုခြင်း
• ဂနိုရီးယားကြောင့်ဖြစ်တဲ့ ဆီးပြွန်အဝရောင်ခြင်း၊ သားအိမ်အဝရောင်ခြင်း၊ အာခေါင်ရောင်ခြင်း၊ Ciprofloxacin 500 mg ၁ ပြား၊ ဒါမှမဟုတ် Ofloxacin 400 mg ၁ ပြား၊ ဒါမှမဟုတ် Levaquin® 500 mg ၁ ပြား၊ ဒါမှမဟုတ် Tequin® 400 mg mg ၁ ပြား၊
• သာမန် ဂနိုရောဂါ၊ Ceftriaxone 125 mg IM ထိုးဆေး ၁ လုံး၊ ဒါမှမဟုတ် Cefixime 400 mg ၁ ပြား၊ ဒါမှမဟုတ် Ciprofloxacin 500 mg ၁ ပြား၊ ဒါမှမဟုတ် Ofloxacin 400 mg ၁ ပြား၊ ဒါမှမဟုတ် Levofloxacin 250 mg ဒါမှမဟုတ် Penicillin မတည့်ရင် Spetinomycin 1 Gm IM ထိုးဆေး ၁လုံး၊ ဒါမှမဟုတ် Cefpodoxime 400 mg ၁ ပြား၊ ဒါမှမဟုတ် Levofloxacin 250 mg တနေ့ ၁ ပြား။
• ရှုတ်ထွေးတဲ့ ဂနိုရောဂါ၊
Penicillin G 10 million units IV နေ့စဉ်အကြောဆေး ၅ ရက်ဆက်သွင်းပါ၊ ဒါမှမဟုတ် Ceftriaxone 1 Gm IV နေ့စဉ်အကြောဆေး ၅ ရက်ဆက်သွင်းပါ၊ ဒါမှမဟုတ် Ciprofloxacin 500 mg တနေ့ ၂ ကြိမ်၊ ၅ ရက်သောက်ပါ၊ ဒါမှမဟုတ် Levofloxacin 500 mg တနေ့ ၁ ကြိမ်၊ ၅ ရက်သောက်ပါ၊
• Endocarditis နှလုံးရောင်နေသူကို Ceftriaxone 1 Gm အကြောဆေး တနေ့ ၂ ခါ၊ ၃ ပါတ်သွင်းပေးပါ။
• ဖြစ်တဲ့ မိန်းကလေး အသက်ငယ်ရင် ဒါမှမဟုတ် ကိုယ်ဝန်ရှိရင် ထိုးဆေးပေးတာ ကောင်းတယ်။ ခံစားနေရတာတွေ သက်သာပေမဲ့ ဆေးပါတ်စေ့ပါစေ။ အိမ်ထောင်သည်တွေဆိုရင် နှစ်ယောက်လုံး တပြိုင်တည်းဆေးကုပါ။ ကာကွယ်ဘို့က Latex condoms ကွန်ဒွန် သုံးပါ။

(ဂနိုရီးယား) ပိုးနဲ့အတူ (ကလာမိုင်ဒီယား) ပိုးလဲ တွဲရှိနေတာက ၅ဝ% လောက်ရှိလို့ တခုကိုသာမကဘဲ ၂ မျိုးလုံး တွဲပေးတာကောင်းတယ်။ (ကလာမိုင်ဒီယား) ပိုးအတွက်
• Doxycycline 100 mg တနေ့ ၂-၃ ကြိမ်၊ ၁ဝ-၁၄ ရက်သောက်ပါ။ ဒါမှမဟုတ်
• Zithromax® (azithromycin) 1.0 gm တခါထဲသောက်ပါ။ ဒါမှမဟုတ်
• Zithromax® Z-pak® (azithromycin) - 500mg ကို ပဌမနေ့သောက်ပြီး၊ 250mg ကို တနေ့ ၁ ကြိမ်၊ နောက်၄ ရက်ဆက်သောက်ပါ။

မကုသရင် ဆိုးဝါးတာတွေ ဖြစ်လာတတ်တယ်။ သွေးကတဆင့် တခြားနေရာတွေဆီ ကူးစက်မယ်။ နောက်ဆက်တွဲ ရောဂါတွေ ရှိလာရင် ဖျားမယ်၊ ဗိုက်နာမယ်၊ ဆီးလမ်း-မွေးလမ်းက တခုခုဆင်းမယ်၊ အဆစ်နာ၊ အရေပြားမှာ အနီရောင် အပြင်တွေ အလယ်က ခပ်မဲမဲဖြစ်မယ်၊ အားယုတ်မယ်၊ စအိုနာ၊ လည်ချောင်းနာမယ်။
• ၂ဝ-၄ဝ% အမျိုးသမီးမှာ တင်ပဆုံတွင်းအင်္ဂါတွေရောင်ခြင်း၊
• ဦးနှောက် အမြှေး ရောင်နိုင်တယ်။
• ၁% နှလုံးသားရောင်နိုင်တယ်။
• Chlamydia (ကလာမိုင်ဒီးယား) ၆ဝ% အမျိုးသမီး တခြားပိုးကြောင့် အဖြူဆင်းခြင်း။

ဆီးအက်စစ်ဓါတ် နည်းအောင် အစားအသောက် သတိပြုပါ။ အစပ်လျှော့စားပါ။ အသား၊ ငါး၊ အသဲ၊ ဥ၊ အရက်၊ ဘီယာ၊ ဝိုင်၊ ပေါင်မုံ့၊ ကော်ဖီ၊ လက်ဘက်ရည်၊ ပင်လယ်စာ၊ အသဲ၊ နှလုံး၊ ဝက်ပေါင်ခြောက်တွေက အက်စစ်ဓါတ် များစေပါတယ်။

အတွဲဆိုရင် နှစ်ယောက်လုံးတပြိုင်တည်း ဆေးသောက်သင့်တယ်။ ဆေးကုနေစဉ်မှာ အကာကွယ်မသုံးဘဲ အတူမနေသင့်ပါ။ လိင်ကတဆင့် ကူးစက်ရောဂါတခုခုရှိသူတိုင်း HIV ကိုလဲစစ်ရပါမယ်။ သံသယရှိတဲ့အပြုအမူနောက် ၃ လနေရင် စစ်လို့ရပါပြီ။ ဂနိုရီးယားဖြစ်သူတွေက ဆစ်ဖလစ်အတွက် VDRL သွေးစစ်သင့်တယ်။

Dr. တင်ဆွေ
Credit Source: https://doctortintswe.blogspot.com/2014/11/gonorrhea.html


Healthy Life

253 Blog posting

Komentar