Semen Analysis သုက်ရည်ရဲ့ အရည်အသွေး

Semen Analysis ဆိုတာ ယောက်ျားမှာ ကလေးရစေနိုင်တယ်ဆိုတာ သေခြာစေဘို့ အရေးပါတဲ့ စမ်းသပ်နည်းတခု ဖြစ်တယ်။ စမ်းနည်းက ဈေ

November 02, 2014
Semen Analysis သုက်ရည်ရဲ့ အရည်အသွေး

Semen Analysis

Semen Analysis ဆိုတာ ယောက်ျားမှာ ကလေးရစေနိုင်တယ်ဆိုတာ သေခြာစေဘို့ အရေးပါတဲ့ စမ်းသပ်နည်းတခု ဖြစ်တယ်။ စမ်းနည်းက ဈေးမကြီးဘူး။ နေရာ အတော်များများမှာ စမ်းရင်ရပေမဲ့ အတွေ့အကြုံနဲ့ ကျွမ်းကျင်မှု သိပ်လိုတယ်။ မဟုတ်ရင် အဖြေ ထုတ်တာ မမှန်မကန် ဖြစ်နိုင်တယ်။ ဒီစမ်းသပ်နည်းကို အထူးပြုတဲ့ Andrology laboratory ဓါတ်ခွဲခန်းမျိုးက စိတ်ချရတယ်။ CASA (Computer assisted semen analysis) နည်းကို သုံးနိုင်ရင် ပိုတိကျမယ်။

သုက်ရည်ကို မျက်စိနဲ့ကြည့်လို့ ကောင်း-မကောင်းမသိနိုင်ပါ။ ပျစ်နေမှ ကောင်းမယ်ဆိုတာ မမှန်ပါ။ ကျဲနေတိုင်း မစိုးရိမ်ပါနဲ့။ လူ့ကိုယ်ထဲကနေ ထုတ်ပြီး လတ်လတ် ဆတ်ဆတ် နာရီဝက် အတွင်းရတဲ့ သုက်ရည်ကို စမ်းတာ ကောင်းတယ်။ ပြီးတော့လဲ ဒီရက်မတိုင်ခင်က ၃-၄ ရက် လိင်ဆက်ဆံမှု မပြုဘို့ လိုသေးတယ်။ ဓါတ်ခွဲခန်းကနေပေးတဲ့ ခွက်သန့်ထဲကိုသာ သုက်ရည် ထုတ်ရ-ထည့်ရမယ်။ တချို့ ယောက်ျားတွေ စမ်းသပ်ဘို့ သုက်ထုတ်ပါဆိုရင် အတော်ခက်နေတတ်တယ်။ လွယ်အောင် ဘယ်လိုလုပ်ပါ ဆိုတာတွေ မရေးတော့ပါ။ သုက်ရည်ကို သာမန် အခန်းတွင်း အပူချိန်မှာသာထားပါ။ ရေခဲသေတ္တာထဲ မထားပါနဲ့။ ချက်ချင်း ထုတ်ပေးတာကို စမ်းမဲ့သူက ချက်ချင်း မစမ်းရသေးဘူး။ နာရီဝက် စောင့်ရတယ်။ သုက်ရည် အရေပျော်အောင် စောင့်တာပါ။

Volume သုက်ထုတ်ပမာဏ၊
နည်းတာ ကိစ္စမရှိပါ။ သုက်-ထုတည် နည်းတဲ့ ရောဂါဆိုတာ ရှားပါတယ်။ 2 to 6 ml ရှိရင် ပုံမှန်ဖြစ်တယ်။ သိပ်များတာလဲ စမ်းသပ်တဲ့အခါ မကောင်းပြန်ပါ။

Viscosity အစေး-အပျစ်၊
အစမှာ ပျစ်နေမယ်။ နာရီဝက်အနေမှာ ကျဲလာမယ်။ ဒါမှ အထဲက သုက်ပိုးတွေ ကောင်းကောင်း လှုတ်းရှာတာကို စမ်းနိုင်တယ်။ အရည် ဖြစ်မလာရင် စမ်းလို့ မကောင်းပါ။ သုက်ထုတ်ပေးတဲ့ Seminal vesicles နဲ့ Prostate မှာ ရောဂါပိုး ဝင်နေရင် အဲလို ဖြစ်တတ်တယ်။

pH အက်စစ်ဓါတ်၊
ပုံမှန်က Alkaline ဖြစ်တယ်။ ဆိုလိုတာက အက်စစ်လို မနေဘူး။ အမျိုးသမီးများ ဗဂျိုင်းနားက အက်စစ်ဓါတ် ရှိတယ်။ Seminal vesicle အလုပ်လုပ်တာ မမှန်ရင် သုက်ရည် အက်စစ်လိုနေပြီး၊ ထုထည်နည်းမယ်။ နောက်ပြီး Fructose သကြားဓါတ်လဲ မရှိတာ တွေ့ရမယ်။ ဒီ (ဖရပ်တို့စ်) သကြားဓါတ်ရှိလို့သာ သုက်ပိုးတွေမှာ လှုတ်ရှားနိုင်ဘို့ Energy အားရစေတယ်။ ဒီဓါတ် မရှိဘူးဆိုတာ Ejaculatory duct သုက်ထွက်ပြွန်မှာ တခုခု ဖြစ်နေလို့ပါ။

Microscopic examination အနုကြည့် မှန်ဘီလူးနဲ့ စစ်ဆေးခြင်း၊
အရေးကြီးတယ်။ သုက်ပိုးတွေဟာ ဖါးလောင်းလေးတွေလို အငန်းမရ လှုတ်ရှားနေကြတယ်။ သုက်ပိုးတိုင်းမှာ ခေါင်းရှိရတယ်။ Head ခေါင်းထဲက Nucleus (နူကလီးယပ်စ်) မှာ Genetic material မျိုးဗီဇဆိုတာ ရှိနေတယ်။ Tail အမြီးပိုင်းကနေ ခေါင်းကို ရှေ့တွန်း ပို့ပေးနေတယ်။ Mid-piece အလည်ပိုင်းမှာ Mitochondria ဆိုတာရှိတယ်။ လှုတ်ရှားစေဘို့ အားကိုဖြစ်စေတယ်။

Sperm count သုက်ပိုး အရေအတွက်၊
20 million sperm per ml ထက်နည်းရင် မကောင်းပါ။ WHO 2010 အဆိုအရ 15 million per ml ကျော်ရင် အကောင်းလို့ သတ်မှတ်လိုက်တယ်။ 10 million ထက်နည်းရင် အလွန် နည်းတယ်။ Oligospermia လို့ ခေါ်တယ်။ သုက်ပိုး လုံးဝမရှိတာကို Azoospermic ခေါ်တယ်။ မျက်စိနဲ့ကြည့်တုံးက အကောင်းလို့ မြင်ရ-ထင်ရပေမဲ့၊ မှန်ဘီးလူးနဲ့ကြမှ သိရတာ ဖြစ်တယ်။ Vasectomy ကျား အကြော ဖြတ်ထားသူကို စစ်ရင် Azoospermic သုက်ပိုး ရှာမတွေ့ရင် ဒါမှမဟုတ် 100,000 per ml ထက်နည်းရင် ခွဲစိတ်တာ အောင်မြင်တယ်။

Sperm motility သုက်ပိုး လှုတ်ရှားမှု၊
Motility လှုတ်ရှားမှုကို စစ်တော့ 8 million per ml ကျော်ရင် WebMD က နော်မယ်လ် လို့ သတ်မှတ်တယ်။ 60% ကောင်းနေတာကို ဆိုလိုတယ်။ WHO ကတော့ 50% သတ်မှတ်တယ်။ သုက်ပိုးအရေအတွက်ထက် လှုတ်ရှားမှုက ပိုအရေးပါတယ်။ သုက်ပိုးတွေမှာ လှုတ်ရှားနေတာတွေနဲ့ ငြိမ်နေတာတွေ ဆိုပြီး ၂ မျိုး ရှိတယ်။ ရေကူးတတ်သူနဲ့ မကူးတတ်သူတွေ သဘော ဖြစ်တယ်။ လှုတ်ပြန်တော့လဲ ရှေ့ဆီ မြန်မြန် သွားတတ်တဲ့ အကောင်တွေကသာ မ-မျိုးဥဆီ အရောက်သွားနိုင်တယ်။

WHO အဆိုအရ အဆင့်သတ်မှတ်မှု = Grade A အကောင်းဆုံး၊ ရှေ့ကို တန်းတန်းမတ်မတ် သွားနိုင်တယ်။ Grade B ရှေ့တော့ရှေ့ဘဲ ကွေ့ကွေ့ ကောက်ကောက် သွားတယ်။ Grade C အမြီးပိုင်းက လှုတ်နေပေမဲ့ ရှေ့မရောက်ဘူး။ Grade D လှုတ်ကို မလှုတ်ဘူး။ C နဲ့ D တွေကို အညံ့စားတွေလို့ သတ်မှတ်တယ်။ မလှုတ်တာ ဘာလို့လဲ။ Testis ကျားအစိကနေ အညံ့စားတွေသာ ထုတ်ပေးနေလို့ဘဲ။

Sperm shape သုက်ပိုး ပုံသဏ္ဌာန်၊
Form ဒါမှမဟုတ် Morphology ခေါ်တယ်။ Oval head ခေါင်းက ဘဲဥပုံ၊ Mid-piece အလည်ပိုင်းနဲ့ A long straight tail အမြီးက ရှည်ပြီး ဖြောင့်နေတယ်။ Round heads ခေါင်းလုံးတာ၊ Pin heads ခေါင်းသေးငယ်တာ၊ Very large heads ခေါင်းသိပ်ကြီးနေတာ၊ Double heads ခေါင်းနှစ်လုံးရှိနေတာ၊ Absent tails အမြီးမပါတာတွေ မကောင်းပါ။ Kruger strict criteria အရ Perfect (ပါဖက်) ဖြစ်နေတာကိုမှ (နော်မယ်လ်) သတ်မှတ်တယ်။ ပုံမှန်သုက်ဆိုတာ Normal forms 15% ရှိရတယ်။ အားတက်ဘို့ ကောင်းတာက ၈၅% မကောင်းတာလဲ လက်သင့်ခံတယ်လို့ ဆိုလိုတယ်။

Sperm clumping or agglutination သုက်ခဲနေခြင်း၊
မှန်ဘီလူးနဲ့ကြည့်ရင် သုက်ပိုးတွေ အချင်းချင်း တွယ်ကပ်နေကြတာကို ပြောတာပါ။ မကောင်းပါ။

Pus cells ပြည် (ဆဲလ်) တွေ ရှိ-မရှိ၊
သွေးဖြူဥတွေ နဲနဲပါနေတာ (နော်မယ်လ်) ပါ။ များနေရင် Infection ပိုးဝင်နေလို့။

Sperm Analysis သုက်ရည်စစ်ဆေးတာနဲ့ Fertility ကလေးရနိုင်တာ၊
• Normal sperm report ရရင် နောက်ထပ်လဲ စစ်မနေနဲ့တော့ ယောက်ျားဖြစ်သူလဲ စစ်ဆေးနေဘို့ မလိုတော့ဘူး။
• Sperm test က မကောင်းဘူးဆိုရင် ၃-၆ လအတွင်းမှာ ၃-၄ ခါ ထပ်စစ်ရမယ်။
• Azoospermia သုက်ရည်ထဲမှာ သုက်ပိုး မရှိသူ ကလေးမရသေးတဲ့ ဖခင်တွေထဲမှာ ၁ဝ% ရှိတယ်။
• Hypogonadotropic hypogonadism ဖြစ်နေရင် Testis ကနေ သုက် မထုတ်နိုင်ဘူး။ Testes တွေကောင်းနေပမဲ့ Hormonal stimulation ဟော်မုန်း အလုပ်မကောင်းရင်လဲ မရပြန်ဘူး။ ဒီ နှစ်မျိုးက ကောင်းနေပေမဲ့ Ductal obstruction ပြွန်ပိတ်နေရင်လဲ ကလေးမရ ဖြစ်စေမယ်။
• Azoospermia ဆိုရင် ထပ်စစ်ရမယ်။ Centrifuge လုပ်ပြီး စစ်မယ်။ ၁-၂ နာရီခြားပြီး သုက် ၂ ခါထုတ်ပေးဘို့ လိုနိုင်တယ်။ စာတပုဒ်ရေးထားပါတယ်။
• FSH သွေးထဲက ဟော်မုန်း စစ်ရနိုင်တယ်။ Obstruction ပိတ်နေတာလား၊ Testicular failure အစိကလား သိချင်လို့။ FSH level များနေရင် Testicular failure ဖြစ်မယ်။ ပုံမှန်ဆိုရင် Testis biopsy လုပ်ရအုံးမယ်။ စာတပုဒ်ရေးထားပါတယ်။
• သုက်ရည်စစ်လို့ ကောင်းတယ်ဆိုတိုင်း ကလေးရမယ် အတိအကျ ပြောမရဘူး။ အဲလိုလူ ၃ဝ% လောက်မှာ Sperm function အလုပ်လုပ်တာ မကောင်းတာ တွေ့ရတယ်။ Poor semen analysis ထွက်လာပေမဲ့ ကလေး ရသူတွေ ရှိတယ်။

Normal semen ပုံမှန် သုက်ရည်ဆိုတာ -
• White or grey အဖြူကနေ မီးခိုးရောင်ရှိတယ်။ တခါတလေ Yellowish ဝါတာလဲ ပုံမှန်ဘဲ။ Pink or red ပန်းရောင်-အနီရောင် ဖြစ်နေရင် သွေးပါလို့ဖြစ်မယ်။ စာတပုဒ်ရေးထားပါတယ်။
• Semen (စီမင်) ဟာ ကျားဆီးထွက်ပြွန်ဝကနေ ထွက်လာပြီးနောက်မှာ ချက်ချင်း ခဲသွားရတယ်။ Sticky, jelly-like liquid စေးကပ်-ကျိခွဲနေမယ်။
• Liquefy again ၅-၄ဝ မိနစ်ကြာရင် တခါပြန်အရည်ဖြစ်လာမယ်။
• Jelly-like globules (ဂျယ်လီ) လို အစိုင်အခဲလေးတွေ ဖြစ်နေတာလဲ ရောဂါမဟုတ်ပါ။ နဲနဲ ဝါချင်လဲ ဝါနေနိုင်တယ်။
• Health or Fertility problem မခဲနိုင်တာနဲ့ ပြန်အရည်မဖြစ်နိုင်တာဆိုရင် ကလေးမရစေတဲ့ပြဿနာ ဖြစ်နိုင်တယ်။
• သုက်ပိုးကောင်ရေ 40 million sperm per ml ရှိမယ်၊ အဲဒီထဲမှာ 40% က ရှေ့ဘက်ကို တန်းတန်းမတ်မတ် သွားနေမယ်၊ 60% က ပုံသဏ္ဌာန် မှန်မယ် ဆိုရင် 40 X 0.40 X 0.60 = 9.6 million sperm per ml အကောင်းဖြစ်မယ်။ တကယ်လို့ သုက်ထုထည်က 3 ml ရှိရင်၊ 9.6 X 3 = 28.8 million sperm ကောင်းတယ်လို့ ဆိုလိုနေတယ်။

WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ သတ်မှတ်ချက် ၂ဝ၁ဝ အရ ပုံမှန်ဆိုတာ ဒီလို အရည်အသွေးတွေ ရှိရမယ်။
• Sperm count = 15 million sperm per ml ထက်များရင် ပုံမှန်၊ အရင်က ၂ဝ သတ်မှတ်ထားခဲ့တယ်။ ယေဘုယျအရေအတွက်က 20 - 40 million ရှိတယ်။ Total sperm count စုစုပေါင်း အရေအတွက် တကြိမ်ထုတ်ရင် 39 million per ejaculate ကနေစပြီး နည်းတယ် ပျမ်းမျှ 255 million sperm ရှိသင့်တယ်။
• Motility လှုပ်ရှားနိုင်စွမ်း = ၆ဝ မိနစ်အတွင်းစစ်ဆေးရင် Live spermatozoa သက်ရှိ 60% ရှိရမယ်။ အနည်းဆုံး ၂၅%ဟာ ရှေ့ကို မြန်မြန်သွက်သွက် ကူးသွားနိုင်ရမယ်။ အနည်းဆုံး ၅ဝ%ဟာ နှေးချင်နှေးပါစေ ရှေ့ကို ကူးသွားနိုင်စွမ်း ရှိရမယ်။ အနည်းဆုံး 50% ဟာ Forward progression ရှေ့ကို ဦးတည်သွားလာနိုင်စွမ်း ရှိရမယ်။ အနည်းဆုံး 25% ဟာ သုက်လွှတ်ပြီးနောက် မိနစ် ၆ဝ အတွင်းမှာ Rapid progression သွက်သွက်လက်လက် ရှေ့ဘက်ဆီ လှုတ်ရှားနိုင်ရမယ်။ လူတယောက်မှာ အရေအတွက် 20 million sperm cells per ml ထက်နည်းနေပေမဲ့ လှုပ်ရှားမှုမှာ 60% ထက်များနေရင် ကောင်းတဲ့အခြေအနေ ဖြစ်တယ်။
• Morphology ပုံပန်းသဏ္ဌာန် = 30% ရှိသင့်တယ်။ 4% ထက်ပိုပြီးကောင်းနေရင် ကလေးရနိုင်တယ်။
• Volume ထုထည် = Ejaculation သုက်တခါလွှတ်ရင် 1.0 mL ကနေ 6.5 mL အထိရှိကြတယ်။ 2 mL ထက် မနည်းသင့်ဘူး။ 1.5ml သာရှိရင် Hypospermia နဲ့ 5.5ml ထက် များတာ Hperspermia ပုံမှန်မဟုတ်ပါ။ ဒါပေမဲ့ သုက်လွှတ်တဲ့အကြိမ် ဆက်နေရင် ထုထည်နည်းနိုင်ပြီး၊ မလွှတ်တာ သိပ်ကြာနေရင်လဲ များနိုင်တယ်။
• Fructose level ဖရပ်တို့စ်ပါဝင်မှု = WebMD အလိုအရ 3 mg/mL အနည်းဆုံးရှိရမယ်။
• pH (ပီအိတ်ချ်) WHO အလိုအရ 7.2-7.8 ရှိရမယ်။ (ပီအိတ်ချ်) နည်းရင် (အက်စစ်များရင်) Seminal vesicles ပိတ်နေတာဖြစ်နိုင်ပြီး အက်စစ်ဓါတ်နည်းလွန်းရင် ပိုးဝင်တာဖြစ်နိုင်တယ်။
• Liquefaction အရည်ဖြစ်မှု = 20 min ထက်စောပြီး အရည်ဖြစ်လာသင့်တယ်။ 60 min အထိ ပုံမှန်လို့ သတ်မှတ်တယ်။
• Sperm concentration သုက်ပိုး အနည်းဆုံး 20x106 spermatozoa/ml နဲ့ တခါသုက်လွှတ်ရင် အနည်းဆုံး 40x106 spermatozoa/ml ရှိရမယ်။
• WBC သွေးဖြူဥ = 1x106/ML
• MOT ဆိုတာ လှုပ်ရှားမှုအားကောင်းတဲ့ သုက်ပိုးအရေတွက် ဘယ်လောက်ပါသလဲကို တွက်ချက်တာ ဖြစ်တယ်။ (Sperm count + Motility) တွဲထားတာဖြစ်တယ်။ Grade a = 25 micrometer per 5 sek. at room temperature နဲ့ Grade b = 25 micrometer per 25 sek. at room temperature ရှိမယ်။ ဒီတွက်ချက်မှုမျိုးက အတုလုပ်ပြီး ကလေးရအောင်လုပ်ရာမှာသာ သုံးပါတယ်။

ဒေါက်တာတင့်ဆွေ
SHARE
Credit Source: https://doctortintswe.blogspot.com/2014/11/semen-analysis.html


Healthy Life

253 Blog posts

Comments