ဘယ်တော့မှ အစွန်းမရောက်ပါနဲ့
*************************
ဖတ်ကြည့်နော်…
အလိုမကျတိုင်း ရန်ရှာနေရင်
လူမိုက်ဖြစ်သွားလိမ့်မယ်။
စိတ်ညစ်တိုင်း အရက်သောက်နေရင်
အရက်သမားဖြစ်သွားတတ်တယ်။
အခက်အခဲတွေ့တိုင်း ညည်းတွားနေရင်
အောင်မြင်မှုဆိုတဲ့လမ်း ပျောက်သွားတတ်တယ်။
အရာရာကို မကောင်းမြင်နေရင်
အဆိုးမြင်ဝါဒီလို့ ခေါ်ခံရလိမ့်မယ်။
အကောင်းမြင်စိတ်ထားတာပါဆိုပြီး
မကောင်းတာကို အကောင်းလုပ်ပြောနေရင်လည်း
ငပေါကြီးဖြစ်တတ်တယ်။
ကောင်းတာလေးတွေကို ချီးမွမ်းပြီး
မကောင်းတာတွေကို ဖုံးကွယ်ထားပြန်ရင်လည်း
မတရားသော ဘက်လိုက်သူလို့ ပြောခံရလိမ့်မယ်။
ငါလုပ်ဖို့ စောနေသေးတယ်
အချိန်အများကြီးကျန်ပါသေးတယ် တွေးတဲ့အခါမှာ
နောက်ကျသွားတတ်တယ်။
အရာရာဟာ နောက်ကျသွားပြီ
ဘာမှမလုပ်နိုင်ဘူးလို့ ခံယူလိုက်တာကလည်း
ဘဝကို အရှုံးပေးလိုက်ရာ ကျတယ်။
ဘဝဆိုတာ ဝမ်းနည်းစရာပဲလို့ အမြဲထင်နေရင်
ပျော်ရွှင်မှုကို ရှာတွေ့မှာ မဟုတ်ပြန်ပါဘူး။
အရာရာဟာ ငါ့အတွက်ချည်းပဲဆိုရင်လည်း
အတ္တ္တကြီးရာကျတာပေါ့။
အရာရာဟာ ငါ့အတွက်မဟုတ်ပါဘူးဆိုပြီး
မှိုင်နေရုံပဲရှိတာပေါ့လို့
ထင်လိုက်တာနဲ့ စိတ်ကျဝေဒနာရှင် ဖြစ်သွားလိမ့်မယ်။
ဘဝဆိုတာ တစ်စုံတစ်ယောက်က သတ်မှတ်ပြဋ္ဌာန်း
ပြီးသား
( ဒါမှမဟုတ် )
အတိတ်ကံကသာ ချယ်လှယ်နေတယ်လို့ ယူဆလိုက်ရင်
ပစ္စုပ္ပန်မှာ ရှုံးနိမ့်သွားလိမ့်မယ်။
ဘဝပျက်တယ် ယူဆရင်တော့ ကံကံ၏အကျိုးကို
ပယ်ရာကျပြီး
တစ်ဘဝစာအတွက် မလုပ်သင့်တာတွေ
လုပ်မိသွားတတ်တယ်။
ဘဝဆက်တယ် မြဲတယ်ဆိုပြီး စွဲလန်းနေရင်လည်း
နိဗ္ဗာန်နဲ့ ဝေးသွားလိမ့်မယ်။
သူများပြောတိုင်း ယုံနေရင်လည်း
အလိမ်ခံရတတ်တယ်။
ငါမြင်ရမှ ငါတွေ့ရမှ ငါကိုယ်တိုင်ကြုံဘူးမှ
လက်ခံမယ်ဆိုရင်လည်း
ကိုယ့်အဖေအမေတောင် ဟုတ်ပါ့မလားလို့ သံသယ
ဝင်သွားနိုင်တယ်။
ခန္ဓာကြီးက ဘာမှမဟုတ်ဘူး မုန်းစရာကြီးပါ
ဆိုပြီး
မစားမသောက် မပြုမပြင် ဂရုမစိုက်ပဲ ပစ်စလက်ခတ်
နေလိုက်ရင်လည်း
ဒုက္ခဖိစီးပြီး အကျိုးမများနိုင်ပြန်ဘူး။
ခန္ဓာကြီး တွယ်တာမက်မောပြီး
အိုဟောင်းသွားတာတွေကို နှမြောနေပြန်ရင်လည်း
စိတ်သောက ဖိစီးပါလိမ့်မယ်။
သော့လေးတစ်ချောင်းရှိပါတယ်။
အဲဒီ သော့လေးရဲ့နာမည်က အလယ်အလတ်လမ်းစဉ်တဲ့။
တကယ်တော့ ခန္ဓာကြီးကို
မုန်းတီးနေရမှာ ရွံရှာနေရမှာ မဟုတ်ပါဘူး။
စွဲလန်းနေရမှာလည်း မဟုတ်ပါဘူး။
ရုပ်တရားရဲ့ ဖြစ်ပျက်ပြောင်းလဲပြီး
သူ့သဘော သူဆောင်နေတာလေးတွေ ရှုမှတ်ပြီး
အမြဲမရှိနိုင်ပါလားလို့ မြင်တတ်တာကမှ ဉာဏ်အလင်းပါ။
ဘဝပျက်တယ် ဆက်တယ်ဆိုပြီး တထစ်ချကြီး
အစွန်းရောက်မနေပါနဲ့။
အတိတ်နဲ့ အနာဂတ်ကြားက ပစ္စုပ္ပန်မှာသာ
ကောင်းအောင်လုပ်ပါ။
အဲဒီအခါ ကျန်ခဲ့တဲ့အတိတ်လည်း ကောင်းပြီး
နောင်လာမယ့်
ပစ္စုပ္ပန်အလောင်းအလျာ အနာဂတ်ကလည်း လှပနေမှာပါ။
သူများပြောတိုင်း ခေါင်းငြိမ့်နေဖို့ မလိုသလို
ငါမဟုတ်ဘူးဆိုပြီး ခေါင်းခါဖို့ချည်းပဲ မလိုပါဘူး။
အကြောင်းအကျိုးတွေ ဝေဖန်ဆန်းစစ်ပြီး
ဟုတ်နိုင်သည် မဟုတ်နိုင်သည် ဆုံးဖြတ်ပါ။
အရာရာဟာ ငါ့အတွက် သူ့အတွက်ပါလားလို့
မြင်တတ်ပါစေ။
တရားသေသတ်မှတ်ပြီးသား မဟုတ်သလို
ကိုယ်ပြုတဲ့ ကံတိုင်းဟာ
အရာမထင် အထောက်အပံ့မရှိတာ မဟုတ်ပြန်ပါဘူး။
ပြုပြင်ပြောင်းလဲလို့ရတယ်ဆိုတာ နားလည်ပေးပါ။
နောက်ကျနေပြီ စောနေသေးတယ် မသတ်မှတ်ပါနဲ့။
ကောင်းမယ်ဆိုရင် ထလုပ်လိုက်ပါ။
ကောင်းတာကိုလည်း မပစ်ပယ်ပါနဲ့။
မကောင်းတာကိုလည်း မဖုံးကွယ်ပါနဲ့။
ကောင်းတာကို ချီးမွမ်းပြီး
မကောင်းတာကို ထောက်ပြဝေဖန် ပြုပြင်ပေးပါ။
အခက်အခဲတွေ့တိုင်း စိတ်ပျက်အားလျော့စရာ
မလိုသလို…
အခက်အခဲကိုလည်း အခက်အခဲ မဟုတ်ပါဘူးဆိုပြီး
ပေါ့လျော့လို့ မရပြန်ပါဘူး။
အခက်အခဲကို ဘယ်လိုကျော်လွှားရမလဲလို့
ဖြေရှင်းဖို့လုပ်တာက အသင့်တော်ဆုံးပါ။
အရက်သောက်တိုင်း စိတ်ညစ်တာ မပျောက်သလို
စိတ်ညစ်တိုင်း
အရက်သောက်ဖို့ တနည်းပဲရှိတာ မဟုတ်ပါဘူး။
ဒီတစ်လမ်းပဲရှိတယ်လို့ ဆုပ်ကိုင်ထားလိုက်တာနဲ့
တခြားလမ်းတွေ မြင်နိုင်ဖို့ မလွယ်တော့ပါဘူး။
စိတ်ညစ်တာကို ရင်ဖွင့်ဖို့ ကဗျာ သီချင်းလေးတွေ
သီကုံးပြီး ဖွင့်ဆိုလည်း ရပါတယ်။
အလိုမကျတိုင်း ရန်ရှာနေလို့ အလိုမကျမှုကို
အောင်နိုင်မှာ မဟုတ်ပါဘူး။
အလိုမကျမှုကို သီးခံတတ်မှ
ငြိမ်းချမ်းမှုဆိုတဲ့ အောင်မြင်မှုကို ရရှိမှာပါ။
ဒါကြောင့် ဘယ်တော့မှ အစွန်းမရောက်ပါနဲ့။
အစွန်းရောက်တဲ့ အရာတိုင်းဟာ…
ပြုတ်ကျဖို့ ပိုနီးတယ်ဆိုတာ သတိထားမိပါစေ။
မူရင်း-Credit
Admin. မောင်ဝံသ[ပျော်ရာမြေ]