“ အဖေဆိုသည်မှာ .... “

အဲဒီလူထူးဆန်းကြီးအကြောင်း
ကျွန်တော် ဒီနေ့ကောင်းကောင်းသိခဲ့ပါပြီ. . . .။ ။
ရှိခိုးဦးချကန်တော့ပါရစေ အဖေ...

*** အဖေဆိုသည်မှာ. . . ***

ဟိုး. .
ကျွန်တော်ငယ်ငယ် ကလေးဘဝ
စကားပြောတတ်စ အရွယ်တုန်းကပေါ့
အဖေနဲ့ အမေကမေးတယ်
ဖေဖေနဲ့မေမေ ဘယ်သူ့ကိုပိုချစ်သလဲတဲ့
ကျွန်တော် ဖြေတယ်
''မေမေ့ကို ပိုချစ်တယ်''
အမေကပြုံးပြီးအဖေ့ကိုကြည့်တယ်
အဖေကတော့ကျွန်တော့်ကို ပြုံးပြုံးကြီးကြည့်နေလေရဲ့. . .
အဲဒီလူထူးဆန်းကြီးအကြောင်း
ကျွန်တော့်ခေါင်းသေးသေးလေးနဲ့
စဉ်းစားလို့မရခဲ့ဘူး. . . .

ဒီလိုနဲ့. .
ကျွန်တော်အဝေးရောက်ခဲ့တယ်
အပြုံးတုတွေကြား
ကျွန်တော်ယဉ်ပါးလာတော့. . .
အဖေ့အပြုံးကို ပြန်မြင်လာတယ်. .
အဖေရယ်. . .
အမေ့ကိုပိုချစ်တယ်ပြောတော့
အဖေတကယ်ပျော်လို့ပြုံးခဲ့တာလား. . .
ကျွန်တော့်ရင်ထဲစို့နင့်နေတယ်
ဟုတ်တယ်. . .
အဖေဆိုတာ. . .
ခံစားချက်ကိုမျိုသိပ်
ကျွန်တော်တို့အိပ်မက်တွေအရောင်လက်ဖို့
တိတ်တိတ်ကလေး ပေးဆပ်ခဲ့တဲ့သူ. . .

ကျွန်တော်ငယ်ငယ်က
မိသားစုထမင်းဝိုင်းလေး
ခုပြန်တွေးတိုင်း မျက်ရည်ဝဲတယ်
တစ်ခါတစ်ရံချက်ဖြစ်တဲ့
ကြက်သားဟင်းနဲ့နေ့ကလေးပေါ့
အမေကအသည်းအမြစ်ကလေးကို
အဖေ့ပန်းကန်ထဲဦးချတယ်
အဖေရယ်လေ. . .
အသည်းအမြစ်လေးကို လေးပိုင်းပိုင်း
ကျွန်တော်တို့မောင်နှစ်မလေးယောက်ကို
မျှပေးပြီး ကြက်ခြေထောက်နဲ့လည်ပင်းရိုးကို
သူ့ပန်းကန်ထဲထည့်စားတယ်
ကျွန်တော်အဖေ့ကိုမေးတယ်
အဖေကဘာလို့အရိုးတွေစားတာလဲလို့
အဖေကပြုံးပြုံးကြီးဖြေတယ်
အဖေက အရိုးတွေကြိုက်လို့ပေါ့ သားရယ်တဲ့
အဲဒီလူထူးဆန်းကြီးအကြောင်း
ကျွန်တော့်ခေါင်းသေးသေးလေးနဲ့
တွေးမရခဲ့ဘူး. . .

အခု မုသားတွေကြား
ကျွန်တော်အသားကျလာတော့
အဖေ့စကားသံတွေပြန်ကြားတယ်
အဖေရယ်. . .
အဖေကြိုက်တဲ့ အရိုးတွေက
တကယ်များချိုမြိန်ခဲ့တာလား
ကျွန်တော့်ရင်ထဲစို့နင့်လာတယ်
ဟုတ်တယ်. . . အဖေဆိုတာ. . .
ဆူးခင်းလမ်းပေါ် ရဲရဲလျှောက်
ကျွန်တော်တို့ဘဝတွေ အရောင်တောက်ဖို့
မိုးကောင်ကင်ကို ဖောက်ခဲ့တဲ့သူ. . .

ငယ်ငယ်က အမေ့လက်ဖုဝါးလေး
ဆော့ကစားတော့
အဖေကလက်ဖုဝါးလေးထိုးပေးခဲ့ဖူးတယ်
ကျွန်တော်ပြောခဲ့ဖူးတယ်
မကိုင်ချင်ဘူး အဖေ့လက်တွေကကြမ်းတယ်
အဖေက ကျွန်တော့ပါးလေးမွှေးမွှေးပေးပြီး
ပေါက်တူးတစ်လက်နဲ့ လယ်တောထွက်သွားတယ်
အဲဒီလူထူးဆန်းကြီးအကြောင်း
ကျွန်တော့်ခေါင်းသေးသေးလေးနဲ့
တွေးလို့မရခဲ့ဘူး. . .

ဒီနေ့
လောကလမ်းထဲ
စမ်းတဝါးဝါးနဲ့ ငွေတွင်းကနက်တယ်
အဖေ့လက်ဖဝါးတွေ ဘာကြောင့်ကြမ်းလဲ ကျွန်တော်သိပြီ
ကျွန်တော့်ရင်ထဲ စို့နင့်လာတယ်
ဟုတ်တယ် အဖေဆိုတာ
ကြယ်တစ်စင်းလို မမှိတ်မသုန်အလင်းနဲ့
ကျွန်တော်တို့နင်းဖို့ ဘဝကို မြေလိုခင်းပေးခဲ့တဲ့သူ. . .

မနေကတော့
အမေ့အိမ်လေး
ကျွန်တော် အပြေးရောက်ခဲ့မိတယ်
ငါ့သားအနေအစားဆင်းရဲလာတယ်
အသားဟင်းလေးချက်ပါတဲ့. . .
အဖေ့စကားသံတွေကမပီပြင်ဘူး
အဖေ့သွားတွေ အရင်လို အစီအရီမရှိကြတော့ဘူးလေ
တိုက်တိုက်ဆိုင်ဆိုင်
အမေကြက်သားဟင်းချက်တယ်
ထမင်းဝိုင်းလေးက အရင်လို လူမစုံတော့ဘူး
အမေကတော့ ဝတ္တရားမပျက်
အဖေ့အတွက် ဦးချမြဲ
အသည်းအမြစ်ကလေးပါပဲ. . .
အဖေရယ်လေ
တုန်တုန်ရင်ရင် သူ့လက်ကလေးနဲ့
ကျွန်တော့်ပန်းကန်ထဲ ထည့်ဖို့ပြင်နေလေရဲ့
ကျွန်တော်အဖေ့လက် အသာလေးကိုဖွဖွကိုင်ပြီး အဖေစားပါအဖေရယ်လို့ပြောမိတယ်
ကျွန်တော့်ပါးပြင်ပေါ် မျက်ရည်တွေ တလိမ့်လိမ့် စီးကျလာတယ်
ကျွန်တော်အဖေ့ကို လက်အုပ်ကလေးချီလိုက်ပြီး
အမေ့ဘက်လှည့်လို့ ပြောလိုက်တယ်
''အမေ အဲဒီကြက်ခြေထောက်နဲ့လည်ချောင်းရိုး
ကျွန်တော့ပန်းကန်ထဲထည့်ပေးပါ ''
အဖေက ကျွန်တော့်ကိုပြုံးပြုံးကြီးကြည့်နေလေရဲ့
မျက်ဝန်းမှာတော့ မျက်ရည်စတွေနဲ့. . .
ကျွန်တော်အဖေ့လည်ပင်းလေးကို မွှေးမွှေးပေးရင်း တစ်ချက်ရှိုက်လိုက်မိတယ်

ဟုတ်တယ်. . .
အဲဒီလူထူးဆန်းကြီးအကြောင်း
ကျွန်တော် ဒီနေ့ကောင်းကောင်းသိခဲ့ပါပြီ. . . .။ ။
ရှိခိုးဦးချကန်တော့ပါရစေ အဖေ

ယနေ့ကျရောက်သော အဖေများနေ့အား ဂုဏ်ပြုလျှက်...


Credit//Lynn Htet
Social Media Team
Ref: Internet


Min Khant

15 Blog posts

Comments