လွမ်းနှင်းမှုန်မှုန် - (ဝတ္ထုတို) နှင်းခါးမိုး

မြက်ခင်းပြင်ကျယ်ထဲမှာ တပင်တည်း မားမားစွင့်စွင့် ရှိနေသည့် ယူကလစ်ပင် မြင့်မြင့်က အပြာရောင် ကောင်းကင်ကို နောက်ခံထားလျက် ယိမ်းနွဲ့လို့နေသည်။ သင်တန်းခန်းမထဲမှာတော့ ဆရာ့စကားကို နားစိုက်ကာ တိတ်ဆိတ် ငြိမ်သက်လျက်။ ပန်ကာနှစ်လုံး၏ လည်ပတ်သံ မတိုးမကျယ်လေး ထွက်ပေါ်နေတာ ကြားရသည်။

မြက်ခင်းပြင်ကျယ်ထဲမှာ တပင်တည်း မားမားစွင့်စွင့် ရှိနေသည့် ယူကလစ်ပင် မြင့်မြင့်က အပြာရောင် ကောင်းကင်ကို နောက်ခံထားလျက် ယိမ်းနွဲ့လို့နေသည်။ သင်တန်းခန်းမထဲမှာတော့ ဆရာ့စကားကို နားစိုက်ကာ တိတ်ဆိတ် ငြိမ်သက်လျက်။ ပန်ကာနှစ်လုံး၏ လည်ပတ်သံ မတိုးမကျယ်လေး ထွက်ပေါ်နေတာ ကြားရသည်။

...မတရားမှုတွေကို ဖျက်သိမ်းပြီး တရားမျှတမှုရှိတဲ့ သစ်လွင်တဲ့ လူ့အဖွဲ့အစည်း တခုကို တည်ဆောက်ဖို့ ဦးတည်ထားတဲ့ အကူးအပြောင်း ကာလတခုမှာ ကျနော်တို့တွေ မလွဲမသွေ လုပ်ရမယ့် အလုပ်တခုကတော့ ကျနော်တို့ လူ့အဖွဲ့အစည်းရဲ့ အတိတ်နဲ့ ပစ္စုပန် အဖြစ်အပျက်တွေအပေါ်မှာတရားမျှတမှုကို ပြန်လည် ရှာဖွေတာဖြစ်တယ်။ မတရားမှုတွေကို ဆိုးဆိုးဝါးဝါး ခံစားခဲ့ရတဲ့ သူတွေဟာ သူတို့ရဲ့ အိပ်မက်ဆိုးကို ဘယ်တော့မှ မမေ့နိုင်ကြဘူး။ အဲဒီလို မမေ့နိုင်ပဲ ပြန်ပြန် သတိရနေတဲ့ အခါတိုင်းမှာလည်း စိတ်မှာ နာကျင်ရပြန်တယ်။ ခံခဲ့ရတဲ့အပေါ်မှာ တခုခု ပြန်မတုန့်ပြန်နိုင်သေးသရွေ့၊ ပြန်မရသေးသရွေ့ ဒီကိစ္စကို မမေ့နိုင် ဖြစ်နေကြရတယ်။ ဒါကို မမေ့နိုင်ပဲနဲ့ ရှေ့ကို ဆက်သွားလို့ မရ ဖြစ်ကြရပြန်တယ်။ ဆက်သွားပြန်ရင်လည်း စိတ်မှာ မရှင်းဘူး ဖြစ်နေတတ်တယ်။ တကယ်တန်းကျတော့ အတိတ်ဆိုတာ အတိတ်မှာပဲ ထားခဲ့လို့ရတဲ့ အရာမှ မဟုတ်တာ။...
...အခု ကျနော် ပြောချင်တာက ဘယ်သူမဆို ခင်ဗျားတို့၊ ကျနော်တို့မှာ လူတိုင်းမှာ အဲဒီလို မမေ့နိုင်တာလေးတွေ ဘဝမှာ ရှိခဲ့ကြဘူးမယ်။ ကိုယ့်ကို မတရားလုပ်တာ ခံခဲ့ရဘူးတာလည်း ဖြစ်ချင်ဖြစ်မယ်။ ကိုယ်က မတရား လုပ်ခဲ့ဘူးတာလည်း ဖြစ်ချင်ဖြစ်မယ်။ ပြီးတော့မှ ဒါကို မတရားဘူးလို့ သိပြီး ကိုယ့်ကိုယ်ကိုယ် ခွင့်မလွှတ်နိုင် ဖြစ်နေရတာ၊ ဒါမျိုးပေါ့လေ။ ဒါမှမဟုတ် တရားတာ၊ မတရားနဲ့ မဆိုင်ပဲ ကိုယ့်ဘဝမှာ မေ့လို့မရ ဖြစ်နေတာမျိုးလည်း ရှိကောင်း ရှိနိုင်တယ်။ အဲဒါလေးတွေကို ကျနော်တို့တယောက်ချင်း ပြောကြည့်ကြရအောင်။ ဝေဒနာလေးတွေကို မျှဝေတာပေါ့။ ဒါကလည်း တခါတခါ အဲဒီလို ပြောလိုက်ရတဲ့အခါ ရင်ထဲ ပေါ့သွားတတ်တာမျိုးလည်း ဖြစ်တတ်တယ်။ ကဲ လုပ်ကြပါ။ နွေးနွေးထွေးထွေး ပွင့်ပွင့်လင်းလင်းပေါ့။...

ဆရာ့စကားဆုံးတော့ အယောက်နှစ်ဆယ်ကျော်ရှိသည့် သင်တန်းသားများ တွတ်ထိုးကုန်သည်။ တချို့ကတော့ ပြောရမည့် အကြောင်းအရာကို စဉ်းစားရင်း ငြိမ်သက်နေသည်။ ကိုနှင်းဆီလည်း တခြားလူတွေရဲ့ မျက်နှာကို လိုက်ကြည့်ကာ ဟိုတွေး ဒီတွေး တွေးနေမိသည်။ သူ့မှာ ပြောစရာ အကြောင်းအရာ မရှိတာမဟုတ်။ ပြောစရာတွေ များနေတာဖြစ်မည်။ ဘဝမှာ မေ့မရတဲ့ အဖြစ်တွေက အများသားကလား။ ကိုယ့်မှာ ဝေဒနာ ကျန်ခဲ့တာလည်း ရှိ၊ သူများကို ဝေဒနာ ပေးခဲ့မိတာလည်း ရှိရဲ့။

အမှန်တော့ ဒီဘာသာရပ်ကို သူ စိတ်ဝင်စားခဲ့သည် မဟုတ်။ ဘာသာရပ်နာမည်က အကူးအပြောင်းကာလ တရားမျှတမှုကို ရှာဖွေခြင်း တဲ့။ သူစိတ်ဝင်စားတာက အကူးအပြောင်း ဖြစ်အောင်၊ အဓိပ္ဖါယ်ရှိတဲ့ အကူးအပြောင်း ကာလကို ရောက်အောင် ဘယ်လို သွားကြမလဲ၊ လုပ်ကြမလဲ ဆိုတာကိုဖြစ်သည်။ အခုတော့ မုန့်ဆီကြော်က ဘယ်မှာနေမှန်း မသိ၊ လက်သုပ်ပုဝါ ရှာနေသလို ဖြစ်မနေဘူးလားဟု တွေးမိသည်။ ဒီဘာသာရပ်ကို ဆွေးနွေးကြသည့်အခါ အဆီအငေါ် မတည့်ဟု သူထင်သော အချက်တချက် ရှိသေးသည်။ အကူးအပြောင်းကာလ ရောက်သည့်အခါ လက်ရှိ အာဏာရှင်တွေကို၊ သူတို့ နောက်လိုက်နောက်ပါတွေကို လွတ်ငြိမ်းချမ်းသာခွင့် ပေး၊ မပေးဆိုသော အချေအတင် ဆွေးနွေးမှုဖြစ်သည်။ ဆွေးနွေးရင်း သူ ပြုံးမိသည်။ ဘေးနားက ဖထီးက ဘာဖြစ်လို့လဲ မေးတော့ တည့်တည့်ပဲ သူ ပြောလိုက်မိသည်။

 

... အော် ကျနော်တို့က သူတို့ကို လွတ်ငြိမ်းခွင့် ပေးမယ်၊ မပေးဘူးနဲ့ ခပ်တည်တည်သာ ပြောနေကြရတာ။ တကယ့်လက်တွေ့မှာက ထောင်ထဲက နိုင်ငံရေးသမားတွေ၊ လူငယ်ကျောင်းသားတွေနဲ့ ကျနော်တို့လို ပြည်ပရောက်နေကြတဲ့ သူတွေက ငါတို့ကို ဘယ်နေ့များ လွတ်ငြိမ်းချမ်းသာခွင့် ပေးလေမလဲလို့ မသေမချာနဲ့ တောင်းလိုက် မျှော်လိုက် လုပ်နေကြရတာ မဟုတ်လား။...
ဖထီးကပါ သဘောကျစွာ ရယ်ချလိုက်သည်။
... အေးဗျာ ဒါတွေ သင်နေရတာ မရောင်ရာဆီလူးများ ဖြစ်နေမလားလို့ စဉ်းစားမိတယ်။...
... ဒီလိုတော့ မဟုတ်ပါဘူး ဖထီးရယ်။ သိထားတာတော့ မမှားပါဘူး။ ဒါပေမယ့် လောလောဆယ် ရန်သူကို တိုက်နေရတဲ့အချိန်မှာ တိုက်ပွဲထဲမှာ အသုံးဝင်မယ့် ဘာသာရပ်တွေကိုပဲ သင်ရင်တော့ ကောင်းတာပေါ့လေ။ နယ်ဆင်မန်ဒဲလားနဲ့ သူ့ရဲဘော်တွေဟာ ရန်သူ လူဖြူအစိုးရကို ဆန့်ကျင် ရင်ဆိုင်နေကြရတဲ့ အချိန်တုန်းက ဒီ ထရန်စစ်ရှင်နယ် ဂျပ်စတစ်ကို လေ့လာ သင်ကြားခဲ့ကြသလား၊ သူတို့နဲ့တွေ့ရင် ကျနော် မေးကြည့်ချင်တယ်။...

ရှေ့ခုံတန်းမှ တိုင်းရင်းသူ သင်တန်းသူလေး ထကာ သူမ၏ မေ့မရမှုလေးတခုကို စအပြော ကိုနှင်းဆီတို့ စကားပြတ်သွားကြသည်။ သင်တန်းတခုလုံး ထိုကောင်မလေးပြောတာ စိတ်ဝင်စားစွာ နားစွင့်နေကြသည်။ ကိုနှင်းဆီက ထိုဖက်တီးပုတ်မလေးကို အစက အထင်မကြီး။ အိပ်လိုက် စားလိုက်နဲ့ ခပ်ထုံထုံနေမှာဟု ထင်ခဲ့သည်။ သို့သော် သင်တန်းသက် ကြာလာသောအခါ ထိုဖက်တီးမလေး ပွင့်လင်းရဲရင့်တာ၊ စနစ်တကျ တွေးခေါ်တတ်တာတွေကို သတိပြုမိလာသည်။ ကျမကလေ ဘာဖြစ်ချင်သလဲ ဆိုတော့ မိန်းမတပ်ရင်းမှုး ဖြစ်ချင်တာ ဦးရဲ့ဟု သူမ၏ ရည်မှန်းချက်ကို ကြားရပြီးသည့်နောက် ကိုနှင်းဆီ ထိုကလေးမလေးကို ခင်မင်သွားမိသည်။ အခုလည်း သူမ၏ မေ့မရနိုင်မှုကို စိတ်ဝင်စားစွာ ကိုနှင်းဆီ နားစိုက်နေမိသည်။

... ကျမငယ်ငယ်က ကျောင်းမှာ ဖြစ်ခဲ့တာပါ။ ကျမတို့အတန်းထဲမှာ ကျောင်းသားတယောက် ပေတံ ပျောက်သွားတယ်။ ဆရာက ယူတဲ့သူကို ပေါ်အောင်ရှာခိုင်းတယ်။ မပေါ်ရင် တတန်းလုံးကို ရိုက်မယ်လို့ ပြောတယ်။ ဘယ်သူမှ ကိုယ်မယူပဲနဲ့ အရိုက်မခံချင်ကြဘူး။ ဒါပေမယ့် ယူတဲ့သူကိုလည်း ပေါ်အောင် မရှာနိုင်ကြဘူး။ နောက်ဆုံးတော့ အားလုံး အရိုက်ခံကြရတယ်။ ကျမ စဉ်းစားတယ်လေ။ ဒါ တရားသလားလို့။ ကျမမှာ ဘာမှ အပြစ်မရှိပဲနဲ့ အရိုက်ခံခဲ့ရတယ်။ စိတ်ထဲမှာ အရမ်းဒေါသဖြစ်တယ်။ ဒီနေ့ထက်ထိ အဲဒါကို မမေ့နိုင်ဘူး။ အဲဒီ့ဆရာကိုလည်း စိတ်ထဲမှာ ခွင့်မလွှတ်နိုင်ဘူး။...

အင်း ငါတို့ လူ့အဖွဲ့အစည်းမှာ ဒါတွေဟာ ဒီကနေ့အထိ ရှိနေတုန်းပဲ။ အရပ်ပြော ပြောရရင်တော့ ဝိုင်းကြီးချုပ်စနစ်ပေါ့လေ။ ဒီနေ့ စစ်အာဏာရှင်တွေလည်း ဒီနည်းကိုသုံးပြီး လူထုကို အကြောက်တရား သွင်းတတ်လေ့ရှိတယ်။ ကောင်မလေး စကားအဆုံးမှာ ကိုနှင်းဆီစိတ်ထဲမှာ ထိုသို့ ပြောနေမိသည်။
ရှစ်လေးလုံး အရေးတော်ပုံကြီး နောက်ပိုင်းမှာ စစ်အစိုးရက ကျောင်းတွေ အတန်ကြာ ပိတ်ထားသည်။ ပြန်ဖွင့်ရန် ကြိုးစားသောအခါ ကျောင်းသားတယောက်ကို မိဘ၊ အတန်းပိုင်ဆရာ၊ ရပ်ကွက်လူကြီး စသည်တို့ အာမခံစေကာ ထိုကျောင်းသား ပြဿနာဖြစ်လျင် အားလုံးကို အရေးယူမည်ဆိုသော ပုံစံမျိုးလုပ်ထားတာကို သွားသတိရလိုက်သေးသည်။ အပြစ်ကင်းမဲ့သူကို အပြစ်မပေးမိစေရေးသည် တရားဥပဒေ၏ အနှစ်သာရတခု မဟုတ်လား။ ဒီသင်တန်းမှာပင် အစောပိုင်းက သင်ခဲ့ရသည့် တရားဥပဒေစိုးမိုးရေး ဘာသာရပ်က ရခဲ့သည် ဥပဒေ ဗဟုသုတလေးဖြင့် ကိုနှင်းဆီ ချိန်ထိုးကြည့်မိပြန်သည်။ ဥပဒေစိုးမိုးရေး ပျက်ပြားနေသည့် တိုင်းပြည်။ ထိုတိုင်းပြည်၏ လမ်းဆုံးလမ်းခွများမှာ ထောင်ထားသည့် ဆိုင်းဘုတ်ကြီးတွေမှာ ရေးထားတာက ဥပဒေကိုလေးစားပါတဲ့။ မည်မျှ ရယ်စရာ ကောင်းလိုက်ပါသနည်း။ သူ့သူငယ်ချင်းတယောက်၏ စကားကို မဆီမဆိုင် သွားသတိရလိုက်မိသေးသည်။ ... ဒီကောင်တွေအကြောင်းကို ပြောရတာ လူကို အသက်တိုစေတယ်ကွ။ ဘာဖြစ်လို့လည်းဆိုတော့ အကုသိုလ်များလို့။ တချိန်တည်းမှာပဲ အသက်လည်း ရှည်စေပြန်တယ်ကွ။ ဘာဖြစ်လို့လည်းဆိုတော့ ရယ်ရလို့ဟေ့... တဲ့။ ကိုနှင်းဆီ ပြုံးလိုက်မိသည်။

နောက်တယောက် ထပြောသည့်အလှည့် ရောက်လာသည်။ တိုင်းရင်းသား လူငယ်အဖွဲ့တခုမှ လူငယ်တဦးဖြစ်သည်။ သင်တန်းထဲမှာ အနေအအေးဆုံး၊ စကားအနည်းဆုံး လူငယ်လေးဖြစ်သည်။ စကားထွက်ပြောရသည့် အလုပ်ကို တတ်နိုင်သလောက် ရှောင်တတ်သူလည်းဖြစ်သည်။ အခု သူက ဘယ်သူမှ မတိုက်တွန်းရပါပဲ စောစောစီးစီး စကားပြောဖို့ ထရပ်တော့ ကိုနှင်းဆီ အံသြသွားသည်။ စိတ်လည်း ဝင်စားသွားသည်။ သူ့မှာ ပြောစရာ မမေ့နိုင်တဲ့ အဖြစ်ကလေးတခု မှတ်မှတ်ရရ ရှိနေလို့နေမှာဟု တွေးမိသည်။

... ဖြစ်တာက ကျနော့်အဖေ ဆုံးတုန်းကပါ။ ကျနော် ငယ်သေးတယ်။ အဖေဆုံးပြီး လုပ်စရာ ကိစ္စဝိစ္စတွေပြီးလို့ အိမ်မှာ လူရှင်းသွားတော့ အမေက ကျနော့်ကို ခေါ်ပြောတယ်။ သားရယ်တဲ့။ သား စာသိပ်တတ်ချင်မှန်း အမေသိပါတယ်တဲ့။ အမေလည်း မင်းကို ကျောင်းထားပေးချင်ပါတယ်တဲ့။ ဒါပေမယ့် အခု မင်းအဖေ ဆုံးသွားပြီ သားရယ်တဲ့။ အမေ မင်းကို ကျောင်း ဆက်ထားပေးနိုင်တော့မှာ မဟုတ်ဘူးတဲ့။ အမေ အဲဒီလို ပြောနေတုန်းကတော့ ကျနော့်စိတ်ထဲမှာ ဘာမှ သိပ်မဖြစ်ဘူး။ အေးလေ အမေ ထားမပေးနိုင်တော့လည်း မတက်ရုံပေါ့လို့ ဒါလောက်ပဲ တွေးမိတယ်။ ဒါပေမယ့် ည အိပ်ယာထဲ ရောက်တော့ စိတ်က လျောက်တွေးမိတယ်။ စာသင်ခန်းရယ်။ သူငယ်ချင်းတွေရယ်။ ကျနော့်ဘ၀ ရှေ့ရေးရယ်။ အဲဒီလို တွေးရင်းကမှ ဝမ်းနည်းလာပြီး ဘယ်လိုဖြစ်မှန်း မသိဘူး။ ကျနော် ရှိုက်ကြီးတငင် ငိုပစ်လိုက်မိတယ်။ တကယ့်ကို ဝမ်းနည်းပမ်းနည်း ငိုနေမိတယ်။ အခုနေ အဲဒီအကြောင်းကို ပြန်တွေးရင်လည်း ငိုချင်ချင် ဖြစ်မိသေးတယ်။ အမေ့ကိုတော့ အပြစ်မတင်ပါဘူး။ သနားလည်း သနားတယ်လေ။ ဒါပေမယ့် ဒီအဖြစ်ကို ကျနော် ဘယ်တော့မှ မေ့လို့ရမှာ မဟုတ်ဘူးဆိုတာ စိတ်က သိနေတယ်။ အဲဒါပါပဲ။...

လေသံ အေးအေးဝဲ၀ဲကလေးဖြင့် သူပြောတတ်သလို ပြောသွားပေမယ့် နားထောင်နေရင်း စိတ်ထဲမှာ နင့်နင့်နဲနဲ ခံစားလိုက်ရသည်။ သူ့အဖေက ငယ်ငယ်ရွယ်ရွယ်နဲ့ ဘာ့ကြောင့် ဆုံးပါးသွားရပါလိမ့်။ နယ်စပ်ဒေသမှာ နေသူတွေဆိုတော့ တော်လှန်ရေးတပ်ထဲမှာ ကျဆုံးသွားတာလား။ ဒါမှမဟုတ် ပေါ်တာအဆွဲခံရကာ ဒဏ်ပိသေသွားတာလား။ ဒါမှမဟုတ် မိုင်းနင်းမိတာလား။ ပိုးထိတာလား။ အဆက်အစပ်မရှိ ကိုနှင်းဆီစိတ်ထဲမှာ လျောက်တွေးမိပြန်သည်။ ဒီလိုကလေးတွေ ငါတို့တိုင်းပြည်အနှံ့မှာ ဘယ်လောက်များ များပြားခဲ့ပြီလဲ။ သက်ပြင်းမောစွာချမိသည်။

... ခေတ်ဆိုးကြီးတခေတ်ကို ဖြတ်သန်းလိုက်ရတဲ့အခါ အဲဒီလူ့အဖွဲ့အစည်းမှာ ထိခိုက်ခံစားခဲ့ရတဲ့ ဓားစာခံခေါ်ခေါ်၊ သားကောင်ခေါ်ခေါ် အဲဒီလိုလူတွေ အများကြီး ကျန်ရစ်ခဲ့တယ်။ ဒီလိုလူတွေကို လူ့အဖွဲ့အစည်းက ကုစားမှုပေးရမယ်။ ပြန်လည်ပြုစု ပျိုးထောင်ပေးရမယ်။ ဒါကို မလုပ်ပဲနဲ့ ခေတ်သစ်တခု ထူထောင်လို့ မရဘူး။ အကူးအပြောင်း ကာလတခုမှာ တရားမျှတမှုကို ရှာဖွေဖို့ ကြိုးစားတာဟာ ဒါ့ကြောင့်ပဲ။ ခင်ဗျားတို့ ပြောတာတွေဟာ အရမ်း စိတ်ဝင်စားဖို့ ကောင်းတယ်။ တခါတလေကျတော့ တခြား လူတယောက်အတွက် ဘာမှ မဟုတ်ပါဘူးလို့ ထင်ရတဲ့ ကိစ္စတွေဟာ လူတယောက်အတွက်ကျတော့ ဘဝမှာ ဘယ်တော့မှ မေ့မရတဲ့ အကြောင်းတွေ ဖြစ်နေတတ်တာ တွေ့ရတယ်။ ဒါ တော်တော် သတိထားရမယ့် အချက်ပဲ။ ကဲ ဆက်ပြောကြပါဗျာ။...

ဆရာဖြစ်သူမှာ ကိုနှင်းဆီနှင့် သက်တူရွယ်တူခန့်ဖြစ်သည်။ ကတုံးဆံပင် တိုတိုနှင့် မျက်နှာက ချိုသည်။ လေအေးကလေးနှင့် စကားပြောတတ်သည်။ တခါကတော့ သူလည်း လက်နက်ကိုင် တော်လှန်ရေးသမား တဦးဖြစ်သည်။ သူနှင့် ကိုနှင်းဆီမှာ ရှစ်လေးလုံးမျိုးဆက်ချင်း အတူတူဖြစ်သည်။ တောင်အာဖရိကမှာ ခြောက်လသင်တန်း တက်ပြီး ပြန်လာကစ၊ ဒီဘာသာရပ်အပေါ် အတော် တက်ကြွနေပုံရသည်။

... ဒီဘာသာရပ်က အကူးအပြောင်း ကာလရောက်မှ အသုံးဝင်မယ်ဆိုတဲ့ သဘော မဟုတ်ဘူး။ ရန်သူ့ဆီမှာ အကူးအပြောင်းကာလ သူတို့ရဲ့ ကံကြမ္မာအတွက် စိုးရိမ်စိတ်တွေ ရှိနေနိုင်တယ်။ ကျနော်တို့က ဒီကာလအတွက် ဆွေးနွေးအဖြေရှာပြီး သဘောထားတရပ်ကို ပေးနိုင်ခဲ့ရင် ဒါက အခုသွားနေတဲ့ တွေ့ဆုံဆွေးနွေးရေး လမ်းကြောင်းကို အထောက်အကူ ပေးနိုင်လိမ့်မယ်လို့ ကျနော် ယုံကြည်တယ်။ ဥပမာ ကျနော်တို့က နိုင်ငံရေးအဖြေတခု ရရေးအတွက် အကူးအပြောင်းကာလမှာ လွတ်ငြိမ်းချမ်းသာခွင့် ပေးမယ်ဆိုတဲ့ သဘောထားကို ပြသခြင်းအားဖြင့် သူတို့ရဲ့ အနာဂတ်အတွက် ပူပန်စိတ်ကြောင့် အပြောင်းအလဲကို လုပ်ဖို့ တွန့်ဆုတ်နေတဲ့ သူတို့သဘောထားအပေါ် နည်းနည်းတော့ အကျိုး သက်ရောက်လိမ့်မယ်လို့ ခင်ဗျား မထင်ဘူးလား။...
မည်သို့ဆိုစေ ဒီဘာသာရပ်ကို ကိုနှင်းဆီ အနည်းငယ် စိတ်ဝင်စားလာသည်။ ယခင်ကထက်စာလျင် တက်ကြွမှု နည်းနည်း ပိုရှိလာသည်။ အခုလည်း တယောက်ပြီးတယောက် ထပြောနေသည့် မမေ့နိုင်မှုလေးတွေကို နားထောင်ရင်း ဘာပြောရကောင်းမလဲဟု စဉ်းစားနေမိသည်။

လွန်ခဲ့သော ဆယ်နှစ်ကျော်ကာလက အလင်းရောင်ပျိုးကာစ ခပ်စောစော မနက်ခင်းလေးတခုကိုသူသတိရမိသည်။ ထိုမနက်က နှင်းပါးပါးလေးကျနေသည်။ နယ်ကို ခရီးသွားအုန်းမည်ဟု ပြောကာ အိတ်ကလေးတလုံးကို လွယ်ပြီး အိမ်က သူထွက်လာသည်။ သမီးလေးကိုချီကာ သူ့ချစ်ဇနီးမမနုက ခြံဘေး လမ်းသွယ်ကလေးထိပ်ထိ လိုက်ပို့သည်။ သမီးလေးက သူ့လက်ကလေးကို ဝှေ့ယမ်းလို့ပြနေသည်။ စကားတော့ မပြောတတ်သေး။ ဒါပေမယ့် တခုခုပြောနေသလို စိတ်မှာ ထင်မိသည်။ ခပ်လှမ်းလှမ်းရောက်မှ ပြန်လှည့်ကြည့်တော့ မျက်စေ့တဆုံး သူ့ကို ငေးကြည့်နေသည့် ဇနီးဖြစ်သူကို တွေ့ရကာ ခြေလှမ်းတွေ တုန့်ခဲ့မိသေးသည်။ နောက်ဆုံးတော့ သားအမိနှစ်ယောက်ကို နှင်းမှုန်တွေထဲမှာ သူ ထားပစ်ခဲ့သည်။
ခရီးထောက်မြို့လေးကို ရောက်တော့ အိမ်ကို လှမ်းဖုန်းဆက်၍ ချစ်ဇနီးမမနုကို စကားပြောသည်။ သူ့စာရေးစားပွဲ အံဆွဲထဲမှာ စာနှစ်စောင် ထားခဲ့တာ၊ တစောင်က မမနုဖို့။ တစောင်က သမီးလေးဖို့။ သမီးကြီးလာလို့ ဖေဖေကောလို့ မေးရင် အဲဒီစာလေး ပေးဖတ်လိုက်နော်ဟု သူမှာလိုက်သည်။ သူက စကားပြောရင်း အသံဖျားတွေ တုန်သလို ရှိလာသော်လည်း မမနုက တည်တည်ငြိမ်ငြိမ်ဖြင့် ကျန်းမာရေး ဂရုစိုက်ဖို့၊ လမ်းမှာ ဘေးအန္တရယ်ကင်းအောင် အိမ်ကနေ ဆုတောင်းနေမည့်အကြောင်းတွေ ပြောနိုင်သေးသည်။ မမနုက တည်ငြိမ်နေလေ၊ သူမှာ ပိုလှုပ်ခါရလေ ဖြစ်ခဲ့သည်။

... အဲဒီမနက်ခင်းလေးဟာ ကျနော့်ကို အမြဲခြောက်လှန့်နေတယ်။ ကျနော့်ဇနီးဆီ ရေးခဲ့တဲ့စာမှာ မင်းဆီကို အရောက်ပြန်လာဖို့ မင်းဆီက ကိုယ်ထွက်လာခဲ့တာပါလို့ ရေးခဲ့တယ်။ သမီးဖတ်ဖို့ ရေးတဲ့စာမှာတော့ သမီးအတွက် အနာဂတ်လှလှလေးတခု ဖေဖေ သွားယူနေတယ်လို့ ကျနော် ရေးခဲ့ပါတယ်။ ဒါပေမယ့် အခုအချိန်ထိ သမီးအတွက် အနာဂတ်လှလှလေးတခုလည်း ကျနော် ယူမသွားနိုင်သေးဘူး။ ကျနော့်ကို ဒီနေ့ထက်ထိ သစ္စာရှိစွာစောင့်နေတဲ့ မမနုဆီလည်း ကျနော် မပြန်နိုင်သေးဘူး။ ကျနော်တို့အိမ်ဘေးက လမ်းသွယ်လေးထဲမှာတော့ အခုလို မနက်ခင်းတွေဆို နှင်းမှုန်မှုန်နဲ့ ဖြစ်နေရောပေါ့။...

လူ့အဖွဲ့အစည်းတခုတွင် တရားမျှတမှုရှိရန် လိုအပ်သကဲ့သို့ မိသားစု တခုတွင်လည်း မေတ္တာတရားရှိရန် လိုအပ်သည်။ တရားမျှတမှုနှင့် မေတ္တာတရားသည် အဓိပ္ဖါယ် မတူသော်လည်း အဆက်အစပ်တော့ရှိသည်။ မေတ္တာတရားနှင့် ရှာသော တရားမျှတမှုသည် ပို၍ လေးနက်သလို၊ တရားမျှတမှုရှိသော မေတ္တာတရားသည် ပို၍ ပြည့်စုံပါသည်။ အကူးအပြောင်းကာလကို ရောက်ရင်ဖြင့် ကိုနှင်းဆီလည်း သူ့ရဲ့ မိသားစုလေးအတွက် တရားမျှတမှုရှိသော မေတ္တာတရားကို မလွဲမသွေ ရှာဖွေရပါလိမ့်မည်။ သူ အိမ်ကို ပြန်ရောက်လျင် ပထမဆုံး လုပ်မည့်အလုပ်မှာ စာရေးစားပွဲအံဆွဲထဲက စာကလေး နှစ်စောင်ကို ဖွင့်ဖတ်ဖို့ပဲဖြစ်သည်။ ထိုအချိန်၌ သူတို့အိမ်လေးထဲသို့ အုန်းလက်တွေကြားမှ တိုးဝင်လာသော နေပြောက်ကလေးများ ထိုးကျကောင်း ကျနေပေလိမ့်မည်။ ဒါ မဖြစ်နိုင်တဲ့ အိပ်မက်တခုအကြောင်း ပြောဆိုနေခြင်းလား။ သေချာတဲ့ မနက်ဖြန်အကြောင်း မိတ်ဆက်ပေးနေခြင်းလား။ နေ့စဉ်ဒိုင်ယာရီ စာမျက်နှာတိုင်းမှာ ကိုနှင်းဆီ ဘယ်တော့မှ မပျက်မကွက် မှန်မှန်ရေးခဲ့သည်က စာ နှစ်ကြောင်းသာ။
မမနုဆီ ရောက်အောင် ပြန်ခဲ့မယ်။
သမီးလေးအတွက် အနာဂတ်လှလှလေး ယူခဲ့မယ်။ ။

ဒေါင်းအိုးဝေ။ ၂၀၀၁။


blank

22 Blog posts

Comments