ASO ဆိုတာ

1. သမီး အသက် (၃၁) နှစ်ရှိပါပြီ။ ငယ်ငယ်ကတည်းက အာသီးရောင်ပြီး ခဏခဏဖျားတတ်ပါတယ်။ (၁၈) နှစ်မှာ လေးဖက်နာပိုး ASO ၃

October 28, 2014
ASO ဆိုတာ

ASO

1. သမီး အသက် (၃၁) နှစ်ရှိပါပြီ။ ငယ်ငယ်ကတည်းက အာသီးရောင်ပြီး ခဏခဏဖျားတတ်ပါတယ်။ (၁၈) နှစ်မှာ လေးဖက်နာပိုး ASO ၃၅၀ ကျော်ရှိလို့ (Pen V) ၇ နှစ် သောက်ခဲ့ရပါတယ်။ ရင်ဘတ် နှလုံးနေရာက တခါတလေ နဲနဲအောင့်တတ်ပါတယ်။ နောက်ပိုင်းမှာ ရင်ဘတ်အောင့်တာ သက်သာသွားတယ်။ လုံး၀ မအောင့်တော့ပါဘူး။ သမီးက အဆစ်အမြစ်တွေ ကိုက်တာရောင်တာ မရှိပါဘူး။ (Pen V) ၇ နှစ် သောက်ပြီး ASO ပြန်စစ်တော့ ASO နည်းသွားပြီဆိုပြီး (Pen V) သောက်တာရပ်ခိုင်းခဲ့ပါတယ်။ အသက် (၂၅) ကနေ (၃ဝ) အတွင်း တခါတလေတော့ နေမကောင်းဖြစ်တတ်ပါတယ်။ အအေးပတ်ရင်၊ မိုးမိရင်၊ အအေးသာက်ရင် လည်ချောင်းနာပြီး ဖျားတတ်ပါတယ်။ (Pen V) လည်း မသောက်ဖြစ်ခဲ့ဘူး၊ လေးဖက်နာပိုးလည်း ထပ်မစစ်ဖြစ်ခဲ့ဘူး။ အခု အသက် (၃၁) နှစ် အတွင်း ၂ ကြိမ် အာသီးရောင်ပြီး ဖျားခဲ့ပါတယ်။ ဧပြီလဆန်းမှာ ၁ ကြိမ်၊ ဇွန်လဆန်းမှာ ၁ ကြိမ်၊ ဇွန်လ (၁၂) ရက်နေ့က ဆေးခန်းသွားတော့ ECG, ASO စစ်ဆေးခိုင်းခဲ့ပါတယ်။ ECG result က ကောင်းတယ်တဲ့။ ASO က ၃ဝဝ ရှိတယ် ပြောပြီး Pen V (250mg) မနက်တစ်လုံး၊ ညတစ်လုံး သောက်ခိုင်းပါတယ်။ တစ်လနေမှ သူနဲ့ပြန်ပြဖို့ ပြောပါတယ်။ လေးဖက်နာရောဂါနဲ့ မတည့်တဲ့ အစားအစာတွေ စားသင့်တဲ့ အစားအစာတွေ၊ ဘယ်လို နေထိုင် စားသောက်ရမယ်ဆိုတဲ့ ဆောင်ရန်၊ ရှောင်ရန် အချက်တွေ Pen V ကို နှစ်ရှည်သောက်ရင် ဘာဖြစ်မလဲ။ (၃၁) နှစ်အထိ ဘာကြောင့် အာသီးရောင်နေရတာလဲ။ အာသီးက ငယ်တဲ့သူတွေမှာဖြစ်တယ်လို့ ကြားဖူးလို့ပါဆရာ။
2. ကျွန်တော့် ကလေးက ၄ နှစ် ၆ လပါ။ ညဘက် ခြေထောက်တွေကိုက်တယ် ခဏခဏပြောလို့ ဆရာဝန်ပြတော့ သွေးစစ်ရပါတယ်။ Result က ASO ၄ဝဝ ကျော်တွေ့ပါတယ်ဆရာ။ ကျွန်တော်က ၄၀၀ ဆိုတော့ ဓါတ်ခွဲခန်းက မှားတယ်လို့ သံသယဝင်မိပါတယ်။ နောက်တခါ သွေးထပ်စစ်ရင် ကောင်းမလားလို့လဲ တွေးမိပါတယ်။ ပြီးတော့ ကလေးက ၂၇ ပေါင်ဘဲရှိပါတယ်။ တီဘီ ဆေးလည်း သောက်ပြီးပါပြီ။ လေးဘက်နာက အမြစ်ပျောက်လားလည်း သိချင်ပါတယ်။ ခုလက်ရှိ ပင်နဆလင် သောက်နေရပါတယ်။
3. ကျွန်မက အသက်က ၂၉ နှစ် ကိုယ်ဝန်ဆောင်မိခင်ပါ။ အရင်က လေးဘက်နာပိုး 400 ရှိပါတယ်။ ကိုယ်ဝန်ရှိမှန်း သိသိချင်းမှာပဲ လေးဘက်နာ ပြနေကြဆရာဝန်နဲ့ ပြကြည့်ပါတယ်။ ပန်နဆီလင်ထိုးလို့ရတယ်ဆိုလို့ ၁ လုံး ထိုးထားပါတယ်ဆရာ။ ၁ လတစ်ခါ ထိုးဖို့ပြောပါတယ်။ ကျွန်မ ကိုယ်ဝန်အတွက်စိတ်ပူလို့ပါဆရာ။
4. Thank you Sayar. Could you please explain about ASO? What could cause when ASO is higher than normal range?

Anti-streptolysin O (ASO) စထွက်ပတိုလိုက်စင် အင်တီဘော်ဒီ ကိုခေါ်ပါတယ်။ ရောဂါပြီးစနစ်နဲ့ဆိုင်တယ်။ ရောဂါတခုဝင်လာရင် အင်တီဘေ်ဒီ ခေါ်တဲ့ ခုခံအာဓါတ်ထွက်တယ်။ အခုဟာက အဲဒိုဆန့်ကျင်တဲ့ဓါတ်ဖြစ်တယ်။ တိတိကျကျဆိုရင် C and G streptococci စထွက်ပတိုကော်ကိုင် (စီ) နဲ့ (ဂျီ) ဗက်တီးရီးယားနဲ့ဆိုင်တယ်။ စစ်ကြည့်လို့များနေတဲ့သဘောက အင်ဖက်ရျင် ရှိနေတယ်။ ပိုးဝင်ထားတယ်လို့နားလည်ရတယ်။

လေးဘက်နာနဲ့ဆိုင်ပေမဲ့ လေးဘက်နာပိုးခေါ်တာ အခေါ်မမှန်ပါ။ ပိုးဆိုတာ Streptolysin O ဗက်တီးရီးယား ဖြစ်တယ်။ Group A အုပ်စုဝင်ပိုးမျိုးဖြစ်ပြီး O ဆိုတာ အောက်စီဂျင် ဒါ့ကြောင့် Oxygen-labile hemolytic toxin ခေါ်တဲ့ အဆိတ် အတောက်တွေ ထုတ်ပေးတဲ့ပိုမျိုး ဖြစ်တယ်။ ဆေးစာမှာ ASO ကို ASLO လို့လဲ ခေါ်တယ်။

ASO ဆိုတာ ဘာအရေးပါသလဲ
လူကိုယ်ထဲကို ပိုးတခုခု ဝင်လာရင် ကိုယ်ခန္ဓာကနေ ဆန့်ကျင်တဲ့ Antibody (အင်တီဘော်ဒီ) ကိုထုတ်ပေးတယ်။ သွေးထဲမှာ ASO များနေတယ်ဆိုတာ ဒီလူနာမှာ ဒီပိုးမျိုး အရင်ကဖြစ်ဖြစ်၊ အခုဘဲဖြစ်ဖြစ် ကူးစက်ခံထားရတယ်လို့ ပြောနိုင်တယ်။ ဆေးပညာသမိုင်းမှာ ပဌမဆုံးအသုံးပြုတဲ့ အမှတ်အသားတခု ဖြစ်လာတယ်။ Rheumatism (ရူမက်တစ်) အဖျားနဲ့ Scarlet fever (စကားလက်) အဖျားရောဂါတွေအတွက် Diagnosis ရောဂါဟုတ်-မဟုတ်နဲ့ Follow up နလံထမှာ စစ်ဆေးဘို့ အသုံးပြုတယ်။

ပိုးဝင်လာပြီးနောက် ၁-၃ ပါတ်နေရင် ASO titre တက်တက်လာမယ်။ ၃-၅ ပါတ်မှာ အများဆုံးဖြစ်နေမယ်။ ၆ လကြာရင် နဂိုအနေပြန်ရောက်မယ်။

ပုံမှန်ဘယ်လောက် ရှိရမယ်ဆိုတာ သတ်မှတ်ချက် ထားလို့မရဘူး။ ဒါ့ကြောင့် ASO များတယ်ဆိုယုံနဲ့ ရောဂါသည်လို့ မပြောနိုင်ပါ။ သတ်မှတ်ထားတာက လူကြီးတွေမှာ 200 units/mL ထက်နည်းရင်၊ ကလေးတွေမှာ 300 units/mL ထက်နည်းရင် ဘာဆေးမှမပေးပါ။

Serological methods စမ်းသပ်နည်းတွေထဲမှာ Latex agglutination နည်းနဲ့ Slide agglutination နည်းတွေရှိတယ်။ ELISA နည်းနဲ့ Exact titre value အတိအကျ လုပ်ယူနိုင်တယ်။ False negatives မှားပြီး မရှိဘူး ပြနိုင်တာ ၂ဝ-၃ဝ% ရှိနိုင်တယ်။ မှားတယ်ထင်ရင် Anti-DNase B titre နည်းလုပ်ရတယ်။ Liver disease အသဲရောဂါနဲ့ Tuberculosis (TB) တီဘီရောဂါတွေကြောင့် False positives မှားပြီး အပေါင်းပြနိုင်တယ်။ Corticosteroids (ကော်တီကိုစတီရွိုက်) ဆေးကြောင့် နည်းတာပြနိုင်တယ်။ တချို့ Antibiotics (အင်တီဘိုအောတစ်) ပဋ္ဋိဇီဝဆေးတွေကြောင့်လဲ နည်းနေနိုင်တယ်။

Rheumatic fever (ရူမက်တစ်) အဖျားရောဂါကို အများက လေးဘက်နာလို့သာ ခေါ်ကြတယ်။ Acute rheumatic fever အခုဖြစ်နေတဲ့ (ရူမက်စတစ်) အဖျားဆိုတာဖြစ်နေရင် ရောဂါလက္ခဏာတွေကတော့ ကိုယ်ပူမယ်၊ လည်ချောင်းနာမယ်၊ အဆစ်တခုမကနာမယ်၊ ရောင်မယ်၊ အဆစ်တွေ နေရာရွေ့ဖြစ်မယ်၊ အဆစ်နာတာက ဒူး၊ ခြေချင်းဝတ်က စတာများပြီး လက်ကောက်ဝတ်၊ တဒေါင့်တစ် စသဖြင့် ပြောင်းမယ်။ ဘယ်-ညာ ပြောင်းမယ်။ ဖြစ်တဲ့အဆစ်မှာ ပူနေ၊ နာနေ၊ ရောင်နေမယ်။ ၂၄ နာရီကြာ နာတာဆိုးနေပြီး၊ ၂-၆ ရက် ကြာတတ်တယ်။ အရေပြားအောက်မှာ မနာတဲ့ အကျိတ်လေးတွေ ထွက်မယ်၊ အရေပြားမှာ အနီပြင်တွေထွက်မယ်၊ အဆစ်ကို ခေါက်တံနဲ့စမ်းရင် တုံ့ပြန်မှုက မြန်နေမယ်၊ တခါတလေမှာ နှလုံးရောင်နေမယ်၊ ဒါပေမဲ့ ရင်တုံတာနဲ့ အသက်ရှူမဝတာလောက်သာ ခံစားရမယ်။

Glomerulonephritis ကျောက်ကပ်ရောင်တာပါဖြစ်ရင် ဆီးများမယ်၊ ဆီးထဲသွေးပါမယ်၊ (စမ်းသပ်မှသိရတာလဲရှိတယ်)၊ ကိုယ်ရောင်မယ်၊ သွေးဖိအားတက်မယ်။ အားယုတ်မယ်၊

ASO များနေယုံနဲ့တော့ Rheumatic arthritis (ရူမက်တစ်) အဆစ်နာ-အဖျား ရောဂါရှိတယ်လို့ ပြောမရပါ။ အစိုးရိမ်များပြီး Long term penicillin (ပနယ်စလင်) တာရှည်ပေးနေစရာလဲ မလိုပါ။ သမားတော်က ဆုံးဖြတ်ပါလိမ့်မယ်။ Rheumatologist ဆရာဝန်တွေက ဒီရောဂါမျိုးမှာ (အိတ်စပတ်) ဖြစ်တယ်။

Dr. တင့်ဆွေ
Credit Source: https://doctortintswe.blogspot.com/2014/10/aso.html


Healthy Life

253 Blog posts

Comments