Tilted uterus သားအိမ်စောင်းနေခြင်း

Uterus သားအိမ်ဆိုတာ အထက်ကား-အောက်ရှူး ပန်းသီးပုံရှိတယ်။ ရှေ့တည့်တည့်ကကြည့်ရင် အထက်အောက် တန်းနေတယ်။ ဒါပေမဲ့

November 01, 2014
Tilted uterus သားအိမ်စောင်းနေခြင်း

Tilted uterus

Uterus သားအိမ်ဆိုတာ အထက်ကား-အောက်ရှူး ပန်းသီးပုံရှိတယ်။ ရှေ့တည့်တည့်ကကြည့်ရင် အထက်အောက် တန်းနေတယ်။ ဒါပေမဲ့ ဘေးကနေကြည့်တဲ့အခါ တယောက်နဲ့တယောက် မတူကြဘဲ ရှေ့ကို ကိုင်းနေတာ နဲ့ နောက်ကို လန်နေတာ ၂ မျိုးရှိနိုင်တယ်။ Tipped uterus, Tilted uterus လို့ အင်္ဂလိပ်စာနဲ့ခေါ်တယ်။ ဆေးစာမှာတော့ Retroverted uterus, Retroflexed uterus လို့ ခေါ်တယ်။ အမျိုးသမီး ၂ဝ% လောက်မှာ သားအိမ် နောက်လန်တာ ရှိကြတယ်။

မိန်းမကိုယ်ခန္ဓာကို (၄) မျိုးသတ်မှတ်ထားတယ်။ Apple or V shape ပန်းသီး၊ Banana or I shape ငှက်ပျောသီး၊ Pear or Bell shape သစ်တော်သီး (ခေါင်းလောင်း) နဲ့ Hourglass or X shape သဲနာရီပုံ။ အသီးတွေအားလုံး စားသုံးလို့ ရသလိုဘဲ သားအိမ်က ရှေ့ကုန်းနေတာဖြစ်ဖြစ်၊ နောက်လန်နေတာဖြစ်ဖြစ် အသုံးကျတာချည်းသာ ဖြစ်ပါတယ်။ ဒီအကြောင်းကို ဆေးခန်းက ဆရာမလေးတွေကို သင်ပြောနေတုံး၊ ရက်ပိုင်းမှာမွေးတော့မဲ့ ကိုယ်ဝန်ဆောင်တယောက် ရေက်လာတော့ ဖရဲသီးတမျိုး တိုးရော။

သားအိမ်ဟာ တင်ပါးဆုံရိုးကွင်းထဲ အလည်နေရာမှာရှိတယ်။ သူ့ရှေ့က ဆီးအိမ်၊ သူ့နောက်က အစာဟောင်းအိမ်ရှိတယ်။ ဒီအင်္ဂါ ၃ ခုနဲ့ အူတွေကို ထိန်းပင့်တင်ထားပေးတာတွေ ရှိတယ်။ Pelvic floor (Pelvic diaphragm) ခေါ်တယ်။ အဝတ်ပုခက်လိုနေတယ်။ Levator ani နဲ့ Coccygei ကြွက်သားတွေ၊ Connective tissue တွယ်ဆက် (တစ်ရှူး)၊ Parietal pelvic fascia (ဖါရှာ) နဲ့ အရွတ်တွေ ဖြစ်တယ်။ အရွတ်တွေဆိုတာ Uterosacral ligament, Cardinal ligaments နဲ့ Pubocervical ligament တွေဖြစ်တယ်။ သားအိမ်ကို အဓိကထိန်းပေးနေတာတွေက Pelvic diaphragm, Perineal body နဲ့ Urogenital diaphragm တွေဖြစ်ပြီး၊ Broad ligament က ဒုတိယတန်းစားအထိန်း ဖြစ်တယ်။

ကလေးမွေးရရင် အဲဒါတွေ အနည်းနဲ့ အများစုတ်ပြဲရတယ်။ အားကစား ပြင်းထံတာ လုပ်ရင်လဲ အဲလိုဖြစ်နိုင်တယ်။ Urinary incontinence ဆီးမလုံတာ နဲ့ Prolapsed သားအိမ်၊ ဆီးအိမ်၊ အစာဟောင်းအိမ် ကွံျကျတာတွေ ဖြစ်လာစေနိုင်တယ်။ ဒါတွေကို သန်မာစေအောင် Pelvic floor exercise (Kegel exercises) လေ့ကျင့်ခန်း လုပ်ရတယ်။ (ရေးထားပါတယ်) လိုအပ်သူတွေကို ခွဲစိတ်ပြုပြင်ပေးမယ်။

သားအိမ်ရဲ့ ကောက်ကွေးမှုက ၂ မျိုးရှိတယ်။ ဆီးအိမ်နဲ့ အစာဟောင်းအိမ်ထဲမှာ ဘာမှရှိမနေရင် (၁) Anteversion သားအိမ်ဝမျဉ်းနဲ့ ဗဂျိုင်းနားမျဉ်း ဒေါင့်ချိုးဟာ ၉ဝ ဒီဂရီရှိတယ်။ (၂) Anteflexion သားအိမ်အဝမျဉ်းနဲ့ သားအိမ်ကိုယ်မျဉ်း၊ (သားအိမ် လည်ပင်းနေရာမှာ) ဒေါင့်ချိုးဟာ ၁၂၅ ဒီဂရီရှိတယ်။

ဒီလိုဖြစ်တာ မွေးရာပါဖြစ်တယ်။ နောက်မှပြောင်းဆိုရင် (၁) ကိုယ်ဝန်၊ (၂) သွေးဆုံးတာ (၃) Pelvic inflammatory disease တင်ပါးဆုံတွင်း အင်္ဂါတွေရောင်တာ၊ (၄) Endometriosis သားအိမ်ရောဂါ နဲ့ (၅) Fibroids သားအိမ် အလုံးတွေကနေ ဖြစ်စေနိုင်တယ်။ ပြောင်းတယ်ဆိုတာ ရှေ့ကိုင်းကနေ နောက်ကိုင်းဖြစ်တာကို ဆိုလိုတယ်။

သားအိမ်အနေအထားကို Pelvic exam တင်ပါးဆုံနေရာ စမ်းသပ်နည်းနဲ့ အလွယ်သိနိုင်တယ်။ Abdominal ultrasound (အာလ်ထွာဆောင်း) ရိုက်ရင် သိသာမယ်။

သားအိမ်နောက်လှန် ဖြစ်နေပေမဲ့ ဘာမှမခံစားရသူက များတယ်။ ခံစားရရင် Dyspareunia ဆက်ဆံချိန်မှာ မနာသင့်ဘဲ နာတာ နဲ့ Dysmenorrheal ရာသီလာရင် နာတာတွေဖြစ်တယ်။ နဲနဲရှားတဲ့ လက္ခဏာတွေကတော့ ဆက်ဆံချိန်မှာ ခါးနာတာ၊ Minor incontinence မွေးလမ်းကြောင်းနဲနဲမလုံတာ၊ Urinary tract infections ဆီးလမ်းပိုးဝင်တာ၊ Fertility problems ကလေး မရနိုင်တာ၊ Tampons ရာသီလာစဉ်သုံးတဲ့ ပစ္စည်းသုံးရတာ အဆင်မပြေတာတွေ ဖြစ်နိုင်တယ်။

သားအိမ်ရောဂါ၊ သားအိမ်အကျိတ်၊ ပိုးဝင်တာတွေကနေဖြစ်တဲ့ အမာရွတ်ကြောင့်သာမဟုတ်ရင်
• Knee to Chest ဒူး-ရင်ပတ် လေ့ကျင့်ခန်းလုပ်နိုင်တယ်။ ကြမ်းပြင်မှာ မှောက်ရက်သားလှဲနေပါ။ ဒူးနှစ်ဖက်ကို ကွေးပါ။ ရင်ပတ်နဲ့ ခြေထောက်တွေက ကြမ်းမှာသာ ကပ်ထားပါ။ ဘယ်ဘက်ခြေကိုကြမ်းမှာကပ်ထားပြီး ညာဘက်ဒူးကို ရင်ပတ်ဆီဆွဲယူပါ။ ၁၅-၃ဝ စက္ကန့် အဲဒီအတိုင်းနေပါ။ မှောက်ရက် ပြန်လုပ်ပါ။ နောက်တဖက်ကို အဲဒီအတိုင်းလုပ်ပါ။ စုစုပေါင်း အကြိမ် ၁ဝ စုံ၊ တနေ့ ၃ ခါလုပ်ပါ။
• Kangaroo Walk သားပိုက်ကောင် လေ့ကျင့်ခန်းကိုလဲ လုပ်နိုင်တယ်။ ခါးအောက်ပိုင်းမှာရှိတဲ့ Erector spinea muscles ကြွက်သားကိုသန်မာစေတယ်။ လက်နှစ်ဖက်၊ ခြေနှစ်ဘက် ကြမ်းပြင်မှာ ထောက်ထားပါ။ လက်တွေကိုဆန့်တန်းပြီး တင်ပါးကို မျက်နှာကြက်ဆီပင့်တင်ပါ။ ဒူးကို နဲနဲကွေး၊ ခါးကိုလဲ နဲနဲကုန်းပြီး ဗိုက်ကိုရှေ့ဖက်ဆီထားလိုက်ပါ။ အဲဒီပုံစံအတိုင်း လေးဘက်သွားပေးပါ။ တနေ့မှာ မိနစ်အနည်းငယ်စီလုပ်ပါ။
• Pessary ခေါ်တဲ့ Plastic ပလပ်စတစ်၊ ဒါမှမဟုတ် Silicone device (စီလီကွန်) ကရိယာသုံးနည်းလဲရှိတယ်။ ဗဂျိုင်းနားထဲကို ထည့်ထားပေးရတယ်။ နာနေချိန်မှာ ယာယီသက်သာစေဘို့သာ တတ်နိုင်တယ်။

သားအိမ်နောက်လန်နေရင် ကိုယ်ဝန်ရ-မရကို ဘယ်လိုသက်ရောက်သလဲ
American Pregnancy Association အမေရိကန် ကိုယ်ဝန်အသင်းက “သားအိမ်စောင်းနေခြင်းဟာ ကလေးမရစေတဲ့ တခြားအကြောင်းတရားတွေကို ရှာမရတဲ့အခါ ဒါဖြစ်နိုင်လောက်မလား ယူဆနိုင်တယ်” လို့ဆိုပါတယ်။ ဒါကြောင့် ကလေး မရလို့ ခွဲစိတ်နည်းကို သုံးပေးရတာ အတော်ရှားပါတယ်။ ကိုယ်ဝန်ရပြီးနောက်လဲ သားအိမ်ကနောက်လန်ပေမဲ့ ကိုယ်ဝန် ၁ဝ-၁၂ ပတ်ဆိုရင် ဘယ်ကိုမှ စောင်းမနေတော့ပါ။ အဲလို တည့်မလာနိုင်ရင်တော့ Miscarriage ကိုယ်ဝန်ပျက်နိုင်တယ်။ ရှားတာတော့ ရှားပါတယ်။ Women's Health, UK ရဲ့အဆိုအရလဲ ကလေးမရမှာ သိပ်မစိုးရိမ်ဘို့ ပြောထားတယ်။

ခွဲစိတ်ဘို့ လိုရင် Uterine suspension ခွဲစိတ်နည်းနဲ့ ကုသပေးရတယ်။ UPLIFT procedure နည်းဟာ နောက်ပေါ် ခွဲစိတ်နည်း ဖြစ်တယ်။

ဒေါက်တာတင့်ဆွေ
Credit Source: https://doctortintswe.blogspot.com/2014/11/tilted-uterus.html


Healthy Life

253 Blog posts

Comments