Female Libido အမျိုးသမီး “စိတ်” နည်းနေခြင်း

ကျနော့် မိန်းမ ဒီစိတ်တွေ ကုန်နေတာ နှစ်နဲ့ချီနေပါပြီ။ အသက် ၃ဝ ကျော်ဘဲ ရှိပါသေးတယ်။ တခြားမှာ ငွေပေးပြီး၊ ဝ

November 24, 2014
Female Libido အမျိုးသမီး “စိတ်” နည်းနေခြင်း
Female Libido

ကျနော့် မိန်းမ ဒီစိတ်တွေ ကုန်နေတာ နှစ်နဲ့ချီနေပါပြီ။ အသက် ၃ဝ ကျော်ဘဲ ရှိပါသေးတယ်။ တခြားမှာ ငွေပေးပြီး၊ ဝယ်စားဘို့ ပြောပါတယ်။ နောက်တယောက် ယူဘို့လဲ ပြောပါတယ်။ သူ့ကို မထိရင် ရပြီတဲ့။ ဘာရောဂါ ဖြစ်နိုင်မလဲ။

အမျိုးသမီးတွေမှာ လိင်ဆက်ဆံလိုစိတ် နည်းလာတာကို သဘာဝဘဲ ထင်တတ်ကြသူတွေ ရှိတယ်။ နိုင်ငံတိုင်းမှာပါ။ ဒီလို ဖြစ်နေသူတွေ မနည်းလှလို့ ဒီလိုဘဲ ထင်တတ်တာပေါ့။ အမှန်က ပြင်လို့ ရနိုင်ပါတယ်။ မပြင်နိုင်ရင် အိမ်ထောင်ရေးမှာ အဆင်မပြေမှုတွေ ဖြစ်မှပြင်ရင် ဆေးမင်ရည်စုပ်ထိုးပြီးသား ပြင်ချင်သလို ဖြစ်မယ်။ မေးတဲ့သူရဲ့ဇနီးကတော့ ရှာမှရှား အစားထဲကပေါ့။
Female Libido ဘာ့လို့ နည်းသလဲ။ အဖြေထုတ်ဘို့ မလွယ်လှပါ။ တယောက်နဲ့ တယောက်က မတူကြလို့။ အိမ်မှုကိစ္စ၊ မိသားစုတာဝန်၊ လူမှုရေးအလုပ်၊ သားရေး-သမီးရေး၊ ဝန်ပိနေရင်။ သူ့မှာက အိပ်အလုပ်-ရုံးအလုပ် နှစ်ခုလုံး ထမ်းနေရရင်။ များလှတဲ့ လုပ်စရာ-ကိုင်စရာတွေထဲက တခုခု စွန့်ရမယ်ဆိုရင် ဒီဟာကို စွန့်တတ်ကြတယ်။

၂ဝ၁ဝ ဇူလိုင်လ ထဲမှာ Proctor and Gamble နဲ့ University of North Carolina, Chapel Hill တို့ကနေ အမျိုးသမီးပေါင်း ၂၂ဝဝ ယောက်ကို သုတေသန လုပ်ကြည်ရာမှာ အရွယ်ရှိသူ ၂၆့၇% နဲ့ သွေးဆုံးပြီး ၅၂% တို့မှာ Low sexual desire လိင်စိတ် နည်းနေတယ်လို့ တွေ့လာတယ်။ မ-မျိုးဥအိမ်ထုတ်ထားရတဲ့ အမျိုးသမီးတွေမှာတော့ ၁၂့၅% သာ အဲလို နည်းနေတာကို ထူးထူး ဆန်းဆန်း တွေ့ရတယ်။ အရွယ်ရှိသေးသူတွေကို မျိုးဥအိမ်ထုတ်လိုက်ရင် ၂့၃% နဲ့ သွေးဆုံးသူတွေ မှာတော့ ၁့၂% သာ အဲလို စိတ်နည်းရောဂါ HSDD ဖြစ်တယ်။ Distress ဆိုတဲ့ စိတ်ဖိအားများနေသူတွေလို့ ပြောနိုင်တယ်။ ချုပ်လိုက်ရင် Hypoactive sexual desire disorder (HSDD) ဆိုတာ တကယ့် ကျန်းမာရေးပြဿနာ ဖြစ်နေပါတယ်။ စိတ်တခုထဲကြောင့်တော့ မဟုတ်ပါ။

တခြား ကျန်းမာရေးဘက်က တွက်ရမှာတွေလည်း ရှိသေးတယ်။ သွေးတိုး၊ ဆီးချို၊ ခေါင်းကိုက်၊ မိုင်ဂရင်း၊ စိတ်။ ရောဂါတချို့အတွက် သောက်ရတဲ့ဆေးတွေကြောင့်။ သူ့ဘဝအတွက် ကြီးမားတဲ့ ဖြစ်စဉ်တွေ ဆိုပါစို့ ကလေးဆုံးတာ၊ မိဘ နာမကျန်းဖြစ်တာ၊ ဆုံးပါးတာ၊ ယောက်ျားက ဖေါက်ပြားတာ။

Childbirth ကလေးမွေးဖွါးခြင်း။ ကလေးမွေးရတာ လွယ်လိုက်သမှ တရွှတ်ရွှတ်ဆိုသူတွေ ရှိသလို ယောက်ျား-ဖေါင်စီး၊ မိန်းမ-မီးနေ ဆိုတာမျိုး ဒုက္ခ အကြီးအကျယ် ခံစားရတတ်သူတွေ ရှိတယ်။ ကလေးတယောက် မွေးရတာမှာ သူ့ကိုယ်ခန္ဓာ အမေမွေးတာနဲ့ မတူတော့ဘဲ ရင်းစား ပြန်မရအောင် ပြောင်းလဲသွားပြီ။ မွေးလမ်း ချဲ့မွေးရသူ၊ နာတာကို သူများတွေထက် ထူးပြီး နာတတ်သူတွေမှာ ကလေးဖွါးလိုက်ရတာကြောင့် ယောက်ျားနဲ့ အရင်လို နေချင်စိတ်တွေ နည်းလာစေတယ်။ သားဖွါးခန်းထဲမှာ ကိုယ့်ယောက်ျားကို ဆဲရေးသူတွေ ခဏခဏ တွေ့ရဘူးတယ်။

Depression စိတ်ကျရောဂါ ဖြစ်နေရသူ။ အများဆုံးဖြစ်စေတဲ့ အကြောင်းခံတခုပါ။ သူတို့တတွေမှာ ဘာဘဲ လုပ်နေနေ၊ ကောင်းမှာ မဟုတ်ပါဘူး၊ သာယာစရာလဲ ရှိမှာမဟုတ်ဘူး၊ အလကားပါဘဲ ထင်မှတ်နေတယ်။ လိင်စိတ် နည်းနေတာလဲ ကုစားလို့ ဘာထူးမှာလဲ ထင်မြင်နေကြတယ်။ အဲလို အမျိုးသမီးတွေ စိတ်ရောဂါ ကုစားသလို Counseling ဆွေးနွေး-မေးမြန်းနည်း လုပ်ဘို့ လိုတယ်။ ဆရာဝန် (တစိမ်း) နဲ့ ဒီအကြောင်းအရာမျိုး ပြောရဲတဲ့ သတ္တိမျိုးက တော်တော့လူ မရှိတတ်ဘူး။

Anti-depressants စိတ်ကျတာ ကုတဲ့ဆေး ပေးတာ ထိရောက်နိုင်ပါတယ်။ စိတ်ကျဆေးကို ယောက်ျားတွေထက် အမျိုးသမီး အရေအတွက်တွေက ၂ ဆ သောက်နေကြရတယ်။ တချို့ Antidepressants စိတ်ကျဆေးတွေကြောင့် ဖြစ်ရတဲ့ လိင်စိတ် နည်းနေသူတွေလည်း ရှိပြန်ပါတယ်။ Viagra ဆိုတဲ့ ယောက်ျားတွေ ပန်းညိုး-ပန်းသေ အတွက်ပေးတဲ့ ထိရောက်လှတဲ့ ဆေးဟာ အဲလို အမျိုးသမီးတွေမှာလည်း အသုံးကျတာ တွေ့လာရတယ်။

Guilt အပြစ်လို ခံစားနေမှု။ အတိတ်တုံးက လိင်မှုဆိုင်ရာ မတရားမှု ပြုခံရဘူးခံရဘူးရင် အပြစ်ကြီးကို စိတ်မှာ စွဲထင်နေမယ်။

Lack of arousal စိတ်ဖြစ်ပေါ်မှု နည်းနေခြင်း။ အမျိုးသမီးတိုင်းလိုလို ဘဝရဲ့တချိန်မှာ နည်းလာတာ ဖြစ်လေ့ရှိတယ်။ အရွယ်ရလာရင် ပိုဖြစ်တတ်တယ်။ သွေးဆုံးချိန်မှာ အတော်များများ ဖြစ်ကြတယ်။ လူတိုင်း မဟုတ်ပါ။ ဟော်မုန်း နည်းလာ-ပြောင်းလာလို့၊ အင်္ဂါမှာ ခြောက်လာမယ်၊ ဆန့်နှိုင်-ကြုံ့နှိုင်စွမ်း နည်းလာမယ်၊ စိတ်ခေါင်းပါးလာမယ်။ ဒီအရွယ်မှာ ဒါတွေ မလိုတော့ဘူးလို့ တရားသေ မှတ်လာတတ်တယ်။

အဲလို လိင်စိတ် နည်းနေတာကို ကုစားနည်းတွေ ရှိပါတယ်။ ဖြစ်စေတာ ဘာ့ကြောင့်လဲ အပေါ်မူတည်ပြီး၊ ကုရတာ မတူဘူး။ ဖြစ်ကြတာ များလို့လား၊ ရောင်းကောင်းလို့လား မသိဘူး၊ အင်တာနက်မှာ ပေါသလား မမေးနဲ့ ကြော်ညာတွေ။

Libido Enhancers စိတ်များ ဆေးများ
အမျိုးသမီးတွေအတွက် ယောက်ျားတွေလို (Viagra, Cialis, Levitra) ဆေးမျိုး မပေါ်သေးတော့ ဆေးကုမ္ပဏီတွေ အပြိုင်အဆိုင် Female Viagra-like drugs တွေ ထုတ်ဘို့ လုံးပမ်းနေကြပါတယ်။ ဒါပေမဲ့ အမျိုးသမီးတိုင်းက ဒီစိတ်မျိုး နည်းရတာဟာ ယောက်ျားတွေနဲ့ အကြောင်းခံ မတူကြပါ။ Viagra ဆေးက အင်္ဂါနေရာမှာ သွေး ပိုလျှောက်လာအောင် လုပ်ပေးတာ။ အမျိုးသမီးကို ပေးရင် Vagina မှာ သွေးပိုများလာပြီး၊ အဲဒီက ကြွက်သားတွေ လျှော့-ပြော့စေနိုင်တယ်။ နေရာမှာ ခြောက်လို့ စိတ်နည်းတာ ဆိုရင်တော့ အကျိုးရှိပါတယ်။

Estrogen patches, pills and gels မ-ဟော်မုန်းဆေး၊ သူ့တန်ခိုးက အင်္ဂါစိုစွမ်မှု၊ စိတ်ဖြစ်ပေါ်မှု၊ ခံစားမှုတွေ ကောင်းလာ စေတယ်။ ဆိုင်ရာ (တစ်ရှူး) တွေ ကျန်းမာစေသေးတယ်။ ဒါပေမဲ့ ထင်တိုင်း မပေါက်တာတွေလည်း ရှိတယ်။ အဆင်ပြေသူတွေမှာ ကောင်းသွားစေတယ်။

Testosterone patches and pills ယောက်ျား-ဟော်မုန်းလို့ ခေါ်တဲ့ ဆေးပေးနည်းလည်း သုံးတယ်။ သားအိမ် ထုတ်ထားရတဲ့ အမျိုးသမီးတွေမှာ မ-မျိုးဥအိမ်ပါ ထုတ်ရရင်၊ ဒီနည်းက အကျိုးရှိစေတယ်။ ငြင်းသူတွေလည်း ရှိပါတယ်။ ဟော်မုန်း တမျိုးထဲကြောင့် လိင်စိတ်နှိုးကြွစေတာ မဟုတ်ဘူး။ နောက်ပြီး ကျားဟော်မုန်း များသွားရင် အသံသြမယ်၊ မျက်နှာမှာ အမွှေးတွေ ပေါက်လာမယ်၊ ယောက်ျားနဲ့ နဲနဲ နဲနဲ တူလာတတ်တယ်။ အချိန်အဆ တိကျရမယ်။

Natural libido enhancement pills သဘာဝဆေးများ။ HerSoution Pills တွေ ပေါ်လာတယ်။ ကြောညာတာကတော့ “သိပ်ကောင်းပါတယ်၊ ဘေးထွက်ဆိုးတာလဲ မရှိပါ။ တနေ့ တလုံးသာ သောက်ပါ” တဲ့။ HerSoution Gel ဆေးကလည်း ခြောက်နေတာအတွက် လိမ်းပေးပါတဲ့။ ကောင်းတာဘဲတဲ့။ တီဗွီ ကနေ ပြည်သူချစ်တဲ့ မင်းသမီးတွေ ကြော်ညာနေရလို ဘယ်ဆေးဖြစ်ဖြစ် အကောင်းချည်းဘဲ။

Libido ဆိုတဲ့ လိင်စိတ်ဟာ ကျားနဲ့မ မတူတတ်ဘူး။ အမျိုးသမီးတွေက “မာယာ မှာသာ သဲကိုးဖြာ” မဟုတ်သေးဘူး၊ ဒီအရေး-အရာမှာလည်း မိန်းကလေးတွေက ပိုရှုတ်ထွေးပါတယ်။ အခုထိတောင်မှ ဆေးပညာရှင်တွေ သူတို့အကြောင်း အကုန်လိုက် မသိနိုင်တာတွေ ရှိသေးတယ်။ ယောက်ျားတွေမှာ လိင်စိတ်ဖြစ်တာမျိုးက Physiological response ဇီဝကမ္မဖြစ်စဉ် အတိုင်းပါ။ Female libido က ဇီဝကမ္မဖြစ်စဉ်ထက်မက ရှိပုံရတယ်။ စိတ်ဖြစ်ပေါ်မှုသာ ဟုတ်ဘူး။ စိတ်ကျေနပ်မှု မှာလည်း အချိန် ပိုယူကြတယ်။ ရုပ်-စိတ်-ဟော်မုန်း၊ သုံးမျိုးလုံး စုစည်းဖြစ်ပေါ်တယ်။ Emotional factors စိတ်ပိုင်းက အတော်ကြီး နေရာယူတယ်။ ရုပ်ဝါဒ နဲ့ ရုပ်ဓန ထွန်းကာရာ တိုင်းပြည်တွေက မိန်းမတွေလဲ စိတ်ရဲ့ဦးဆောင်မှု အတူတူခံကြရပါတယ်။

Aphrodisiac ဆိုတာ “လိင်စိတ်တိုးစေတဲ့ဆေး” ဆေးဝေါဟာရ ဖြစ်ပါတယ်။ Aphrodite “အချစ်နဲ့ လိင်ကို စိုးပိုင်တော်မူသော ဂရိနတ်ဘုရား” ကနေလာတာပါ။ သမိုင်းတလျှောက် ဒီအရေးအရာမှာ နာမည်ကြီးခဲ့တဲ့ အစား၊ အသောက် နဲ့ အမူအကျင့်တွေ ရှိခဲ့ပြီးသားပါ။ သိပ္ပံနည်းကျ ပြောရရင် Placebo effect စိတ်ကိုက သက်သာစေတယ် ထင်တဲ့ ဆေးမျိုးတွေသာ များပါတယ်။ ရောဂါ အတော်များများမှာ ဒီသဘောမျိုး ဆေးနည်းတွေ ရှိတယ်။ လူနာကို ညာတာလို့ ပြောရင် မှန်လဲ မှန်တယ်။ မမှန်လဲ မမှန်ဘူး။ ရှေးကတည်းက သမားတော်ကြီးတွေ သုံးခဲ့ကြတာပါ။ ဆေးပေးတာတင် မဟုတ်ဘူး ခွဲစိတ်တာလည်း ပါသေးတာ။ လူနာရဲ့စိတ်မှာ သက်သာတယ်လို့ ထင်စေတာကိုက ထိရောက်တဲ့ ကုစားနည်းတခုဘဲ မဟုတ်ပါလား။

ညစ်ညမ်းတယ်တော့ မထင်ပါနဲ့။ စာဖတ်ရတာ မပြင်းအောင် ထည့်ရေးပါရစေ။ ပုံပန်းကိုက အင်္ဂါနဲ့တူတာမျိုး၊ Rhinoceros ကြံချို၊ Banana ငှက်ပျောသီး၊ Ice-cream ရေခဲမုံ့၊ ဒါ့ကြောင့် ကြံချိုက ထုတ်တဲ့ဆေး၊ ကျားအင်္ဂါက ထုတ်တဲ့ဆေး ရောင်းကောင်းတာပေါ့။

Yohimbine ဆိုတာ အမေရိကမှာပါ တရားဝင် ရောင်းခွင့်ရှိတဲ့ ယောက်ျား အားတိုးဆေးပါ။ Bremelanotide ကတော့ အမျိုးသား-အမျိုးသမီး သုံးနိုင်တယ်။ Saffron နနွင်းထဲမှာပါတဲ့ Crocin ကိုလည်း ကောင်းတယ်လို့ ဆိုပါတယ်။ Alkyl nitrites (Poppers) ဆိုတာကို Club drug (ကလပ်) သုံးဆေး ခေါ်ကြတယ်။ ရှူရတယ်။ ကြွက်သားအနုစားတွေ လျှော့ပေးစေလို့ သွေးပိုလျှောက်ပြီး၊ Sphincters အထိန်းတွေ ကျယ်စေကာ ဒီစိတ်ကို နိုးဆွပေးပါတယ်။ (ကလပ်) သုံးဆေးတွေထဲမှာ မူးယစ်အုပ်စုဝင် Cocaine (ကိုကိန်း)၊ Methamphetamine (မက်သမက်ဖတမင်း) တို့လည်း ဒီလိုဘဲ။ အရက်နဲ့ Cannabis ဆေးခြောက်ကတော့ ပြောင်းပြန်ဖြစ်စေတယ်။ သုံးသူတွေလည်း ရှိပါတယ်။

မေးတဲ့ပုဂ္ဂိုလ် လက်လှမ်းမီတာနဲ စပေတော့။ ရမှာပါ။

Dr. တင့်ဆွေ
Credit Source: https://doctortintswe.blogspot.com/2014/11/female-libido.html


Healthy Life

253 博客 帖子

注释