အဖေ့အတွက် စောင် သိမ်းထားမယ်

ဟိုး လွန်ခဲ့တဲ့ ရာစုနှစ်ပေါင်းများစွာ ဂျပန်နိုင်ငံဟာ အလွန့်အလွန် ဆင်းရဲတဲ့ နိုင်ငံလေး တစ်ခု ဖြစ်ခဲ့တယ်

အဖေ့အတွက် စောင် သိမ်းထားမယ်
******************************

ဟိုး လွန်ခဲ့တဲ့ ရာစုနှစ်ပေါင်းများစွာ ဂျပန်နိုင်ငံဟာ အလွန့်အလွန် ဆင်းရဲတဲ့ နိုင်ငံလေး တစ်ခု ဖြစ်ခဲ့တယ်။ လူတွေဟာ အစာရေစာကို ၀လင်အောင် မစားရဘူး။ စိုက်ပျိုးလို့ရတဲ့ မြေက နည်းပြီး ရာသီဥတုက ပြင်းထန် တော့ ထွက်သမျှ စပါးဆန်ရေဟာ တိုင်းသူပြည်သားတွေအတွက် “မဝရေစာ” ဖြစ်နေခဲ့တယ်။ အထူးသဖြင့် “ဆောင်းရာသီ” ကိုရောက်လာပြီ ဆိုရင် အစာရေစာ ရှားပါးတဲ့ ဘေးဆိုးကြီးဟာ နှစ်တိုင်းလိုလို ရောက်လာတတ်တယ်။ ကြောက်စရာ ကောင်းတဲ့ ဆောင်းရာသီမှာ ဂျပန်လူမျိုး အတော်များများဟာ ငတ်မွတ်ခေါင်းပါးတဲ့ ဘေးဆိုးကြီးကြောင့် သေကြေပျက်စီးလေ့ရှိကြတယ်။

“ကမ္ဘာမီးလောင် သားကောင်ချနင်း” ဆိုတဲ့ စကားပုံလို သိပ်ဒုက္ခရောက်လာတော့ မိသားစု အချင်းချင်း တောင်မှ တစ်ဦးနဲ့တစ်ဦး မညှာတာနိုင်တော့ပါဘူး။ ဒီတော့ ဂျပန်လူမှုအဖွဲ့အစည်းအတွင်းမှာ “ဓလေ့တစ်ခု” ဖြစ်ပေါ်လာပါတယ်။ အဲဒီ ဓလေ့ကတော့ ကိုယ့်အိမ်မှာ အသက်ကြီးနေပြီး အလုပ်မလုပ်နိုင်တော့တဲ့ သက်ကြီးရွယ်အိုတွေကို တောထဲတောင်ထဲကို သွားပြီး စွန့်ပစ်တဲ့ ဓလေ့တစ်ခု ပေါ်ထွန်းလာပါတယ်။

ဒီကိစ္စဟာ ဒီခေတ် အမြင်နဲ့ ကြည့်ရင်တော့ အတော်၀မ်းနည်းကြေကွဲစရာကောင်းတဲ့ ကိစ္စတစ်ခု ဖြစ်ပေမယ့်လည်း အဲဒီခေတ် အခါတုန်းကတော့ ဒါဟာ “လုပ်ရိုးလုပ်စဉ်” အလုပ်တစ်ခုလို့ဘဲ သဘောထားခဲ့ကြပါတယ်။ ကိုယ့်အိမ်က အဖေအို အမေအိုတွေ ကို စွန့်ပစ်ကြတာကို ဘယ်သူမှ ကဲ့ရဲ့ရှုတ်ချ မနေပါဘူး။ အိမ်တစ်အိမ်မှ သက်ကြီးရွယ်အိုတစ်ယောက် ကွယ်လွန်သွားသလိုမျိုးဘဲ ရှုမြင်ခဲ့ကြပါတယ်။ ဒါဟာ တစ်အိမ်လုံး အငတ်ဘေးကနေ ကာကွယ်ရာရောက်တဲ့ လုပ်သင့်လုပ်အပ်တဲ့ အလုပ်တစ်ခုလို့တောင်မှ ရှုမြင်ခဲ့ကြတယ်လို့ ဆိုပါတယ်။

နှစ်တိုင်းနှစ်တိုင်း ဆောင်းရာသီကို ရောက်ပြီဆိုတာနဲ့ ဆင်းရဲတဲ့ ကျေးရွာတွေမှာ မိအို ဖအိုတွေကို စွန့်ပစ် ကြတဲ့ အလုပ်ကို စလုပ်ကြပါတော့တယ်။ အဲဒီမှာ ဒီပုံပြင်လေး ဖြစ်ပေါ်လာခဲ့ပါတယ်။

တောတောင် ထူထပ်လှတဲ့ ဂျပန်နိုင်ငံရဲ့ တောင်ခြေ တစ်ခုမှာ ရှိတဲ့ ရွာလေးတစ်ရွာမှာပေါ့။ အဲဒီရွာကလေးက မိသားစု တစ်ခုအတွင်းမှာ ဒီပုံပြင်လေး အစပြုခဲ့ပါတယ်။ ရွာမြောက်ဖျားမှာရှိတဲ့ တဲအိမ်လေးတစ်ခုအတွင်းမှာ “ရှင်ဂို” လို့ခေါ်တဲ့ ဂျပန်လယ်သမားလေး တစ်ယောက်ဟာ သူ့မိသားစုနဲ့ အတူ နေထိုင်ပါတယ်။ သူတို့မိသားစုမှာ လူဦးရေ (၆)ယောက် ရှိပါတယ်။ သူတို့ လင်မယားနှစ်ယောက်ရယ် ၊ သားလေးတစ်ယောက် ၊ သမီးလေး တစ်ယောက်ရယ် ၊ အိုမင်းနေပြီဖြစ်တဲ့ “ရှင်ဂို” ရဲ့ အဖေအိုကြီး နဲ့ အမေအိုကြီးရယ် . . အားလုံး တစ်အိမ်ထဲ အတူနေကြတယ်။

shwechat myanmar social network japan tale
တစ်နေ့တော့ “ရှင်ဂို” တို့ လင်မယားနှစ်ယောက်ဟာ တိုးတိုးတိတ်တိတ်နဲ့ တစုံတခုကို တိုင်ပင်နေကြပါတယ်။ သူတို့ တိုင်ပင်တဲ့ အကြောင်းကတော့ ပြီးခဲ့တဲ့ မိုးရာသီမှာ စပါးအထွက်မကောင်းလို့ ဒီနှစ် ဆောင်းရာသီမှာ သူတို့မိသားစု(၆)ယောက် အတွက် စားနပ်ရိက္ခာ ဖူလုံမှာ မဟုတ်တဲ့အတွက် အငတ်ဘေး ကြုံလာနိုင်တယ်။ ဒါကြောင် အဖေအို အမေအို (၂)ယောက်ထဲက တစ်ယောက်ယောက်ကိုတော့ ဒီနှစ်မှာ စွန့်ပစ်ရတော့မယ်။ အဲဒီအကြောင်းကို လင်မယားနှစ်ယောက် တိုင်ပင်နေတာ ဖြစ်တယ်။ နောက်ဆုံးတော့ ပိုပြီး အိုမင်းနေပြီး အလုပ်လုံး၀ မလုပ်နိုင် တော့ဘဲ “ဖခင်အို” ကြီးကို အရင်စွန့်ပစ်ဖို့ လင်မယားနှစ်ယောက် သဘောတူလိုက်ပါတယ်။

ဒါနဲ့ “ရှင်ဂို” လို့ခေါ်တဲ့ ဂျပန်လူငယ်ဟာ သူ့အဖေကြီးကို ဟိုးတောင်ပေါ်ကို သွားရောက်စွန့်ပစ်ဖို့ (၂)ရက်(၃)ရက်စာ စားနပ်ရိက္ခာတွေနဲ့ အဖေကြီးကို နောက်ကျောမှာ ပိုးသွားဖို့ စောင်တွေ၊ အ၀တ်အဟောင်းတွေကို ပြင်ဆင်နေ ပါတော့တယ်။

အဖိုးကြီး အဖွားကြီး လင်မယားကလည်း ငါတို့(၂)ယောက်ထဲက တစ်ယောက်ယောက်ကိုတော့ စွန့်ပစ်တော့မှာပဲဆိုတာ ရိပ်မိနေကြပါပြီ။ ဒါကြောင့် မျက်နှာ ငယ်ငယ်လေးတွေနဲ့ အိမ်ရဲ့ အမှောင်ဆုံးနေရာက ချောင်လေးတစ်ခုထဲမှာ ကုပ်လို့ပေါ့။ အဖိုးကြီး နဲ့ အဖွားကြီးဟာ တစ်ယောက် မျက်နှာ တစ်ယောက်ကြည့်ပြီး နှစ်ပေါင်း (၅၀)လောက် ပေါင်းလာတာကနေ ခွဲရတော့မှာပါလားဆိုပြီး မျက်ရည်တွေ ကိုယ်စီနဲ့ပေါ့။ ဒါပေမယ့် သူတို့လည်း ဘာမှ မတတ်နိုင်တော့ပါဘူး။ ဒါဟာ သူတို့လူမျိုးရဲ့ အစဉ်အလာဘဲလေ။ ကျေကျေနပ်နပ်နဲ့ လက်ခံရတော့မှာဘဲပေါ့။

ဒါနဲ့ ပြင်ဆင်လည်းပြီးရော “ရှင်ဂို” ဟာ အဖိုးကြီး အဖွားကြီးနားကို ကပ်သွားပြီး ရိုရိုသေသေနဲ့ပဲ . . “အဖေ ၊ စိတ်တော့ မကောင်းပါဘူး။ ဒီနှစ် စပါးအထွက်မကောင်းတာ အဖေလည်း အသိပဲ။ ဒါကြောင့် ဒီနှစ်တော့ အဖေ တောထဲမှာ သွားနေပေးပါနော်” ဆိုပြီး တောင်းပန်ပြောလိုက်ပါတယ်။

(အမှန်ကတော့ တောထဲမှာ သွားနေပေးပါ . . ဆိုတာ စကားလှအောင်ပြောကြတာပါ။ ရာသီက ပြင်းထန်တဲ့ ဆောင်းရာသီ ၊ ပါလာတဲ့ စားနပ်ရိက္ခာကလည်း (၃)(၄)ရက်စာလောက် . . နောက်ပြီး တောထဲမှာ သားရဲတိရိစ္ဆာန်တွေကလည်း အများကြီး ဆိုတော့ အစွန့်ပစ်ခံရတဲ့ အဖိုးကြီးအဖွားတွေဟာ “အအေးပတ်ပြီး သေချင်သေ ၊ ဒါမှမဟုတ် သားရဲတိရိစ္ဆန်တွေ အစားခံရပြီး သေချင်သေ ၊ ဒါမှ မသေရင် နောက်ဆုံး အစာငတ်ပြီး သေကြရတာပါပဲ)

အဖိုးကြီးလည်း မျက်ရည်တွေ ရွှဲနေတဲ့ ကြားကဘဲ “ခေါင်းတစ်ချက်ဘဲငြိမ့်ပြီး” “အေးလေ . . ဒါ ထုံးစံအတိုင်းပဲမဟုတ်လား ၊ လုပ်စရာ ရှိတာ လုပ်ပါကွာ” ဆိုပြီး ခေါင်းငိုက်စိုက်ချပြီး မြေကြီးတွေကို တစ်ခါမှ မမြင်ဘူးသလို တွေတွေကြီး ကြည့်နေပါတယ်။ အဖွားကြီးလည်း သူကတော့ စွန့်ပစ်ခံရမယ့် အခြေအနေက လွတ်သွားပြီဆိုပေမယ့် ၀မ်းမသာနိုင်ပါဘူး။ အနှစ်(၅၀) လောက်ပေါင်းလာခဲ့တဲ့ သံယောဇဉ်ကြောင့် အဖိုးကြီးရဲ့ လက်ကလေးကို ကိုင်ပြီး တရှုံ့ရှုံ့နဲ့သာ တိုးတိုးတိတ်တိတ် ငိုကြွေးနေပါတော့တယ်။

နောက်တော့ “ရှင်ဂို” ဟာ သက်ပြင်းရှည်ကြီးတစ်ချက်ကို ချပြီး သူ့အဖေအိုကြီးကို သူ့ ကျောပေါ်မှာတင် ၊ စောင်နဲ့ ပတ်ခါ ကုန်းပိုးလိုက်ပါတယ်။ ပြီးတော့ သူ့ဇနီး လှမ်းပေးတဲ့ (၃)ရက်စာ စားရေရိက္ခာလေးကို ယူပြီး အိမ်ကလှမ်းထွက်မယ် အလုပ်မှာ “အဖေ - သားလဲ လိုက်မယ်” ဆိုတဲ့ အသံကြားလို့ ကြည့်လိုက်တော့ အသက်(၅)နှစ်ထဲ ရောက်နေပြီဖြစ်တဲ့ သူ့သားကြီး “အကီယို” ဟာ သူ့အဖေနဲ့ လိုက်ဖို့ ပြင်နေတာကို တွေ့လိုက်တယ်။

ဒါနဲ့ “ရှင်ဂို” ဟာ . . . “အကီယို” တောင်ပေါ်အထိသွားမှာနော်။ ဘာလုပ်ဖို့ လိုက်မှာလဲ။ အပြင်မှာ အေးက အေးနဲ့” ဆိုပြီး ဟန့်လိုက်ပေမယ့် သားဖြစ်သူက အတင်းလိုက်မယ် လုပ်နေတာရယ် ၊ အဖိုးဖြစ်သူကလည်း “ငါ့မြေးလေး လိုက်ချင်လိုက်ပါစေကွယ်” ဆိုပြီး တောင်းပန်တာနဲ့ သူ့သားကို ခေါ်ခဲ့ရပါတယ်။

အိမ်ကနေထွက်ပြီး ဖခင်ကြီးကို ကုန်းပိုးထားတဲ့ “ရှင်ဂို” နဲ့ သူ့သားကြီး “အကီယို” တို့ဟာ နားလိုက် တက်လိုက်နဲ့ တက်လိုက်ကြတာ (၃)နာရီလောက် အကြာမှာ တောင်ထိပ်နားကို ရောက်သွားပါတယ်။ အချိန်ကလည်း နေ၀င်လုနေပါပြီ။

လေစိမ်းအကာအကွယ်ရတဲ့ သစ်ပင်ကြီးတစ်ပင်ရဲ့ ခြေရင်းမှာ “ရှင်ဂို” ဟာ သူ့ဖခင်ကို ကျောပိုးရာကနေ ချပြီး ခဏနားနေလိုက်ပါတယ်။ ပြီးမှ “အဖေ . . ဟောဒီမှာ ရိက္ခာထုတ်၊ ဒီမှာက အနွေးထည်တွေလို့ ပြောပြီး သူ ကျောပိုးလာတဲ့ “စောင်” ကိုတော့ “ဒါက အဖေချမ်းရင် ခြုံဖို့စောင်” ဆိုပြီး ပေးလိုက်တဲ့ အချိန်မှာ . . . . . .

“အဖေ . . စောင်ကို ပြန်ယူခဲ့လေ” လို့ အော်ပြောလိုက်တဲ့ သူ့သား “အကီယို” ရဲ့ စကားကြောင့် “ရှင်ဂို” တစ်ယောက် အကြီးအကျယ် အံ့သြသွားပါတယ်။ သူ့သား “အကီယို” ဟာ သူ့အဖိုးကို အတော်လေး ချစ်ပါတယ်။ ဒါနဲ့တောင်မှ “စောင်” ကို သူ့အဖိုးနဲ့ မထားခဲ့ဖို့ ပြောလို့ “ရှင်ဂို” အနေနဲ့ မတွေးတတ်အောင် ဖြစ်နေပါတယ်။

နောက်မှ သူ့သားကို“သားရယ် . . . မင်း အဖိုးမှာ “စောင်” မရှိရင် ညဖက်ကျရင် အရမ်းချမ်း နေမှာပေါ့” လို့ ပြောလိုက်တယ်။ အဲဒီမှာ သူ့သား “အကီယို” ပြန်ပြောလိုက်တဲ့ စကားကြောင့် “ရှင်ဂို” ခမြာ ဦးခေါင်းကို မိုးကြိုးပစ်ချလိုက်သလို တုန်လှုပ် သွားပါတော့တယ်။

သူ့သား “အကီယို” ပြောလိုက်တဲ့ စကားက “မဟုတ်ဘူးလေ . . အဲဒီ စောင်က အဖေ “အို”လာရင် သားက အဖေ့ကို ကုန်းပိုးပြီး လာပစ်ဖို့ သိမ်းထားရဦးမှာ မဟုတ်လား” တဲ့။

ကောင်းလိုက်တဲ့ “အကီယို” ရဲ့ စကား။ “ရှင်ဂို” လုံး၀မတွေးခဲ့တဲ့ စကား။ တကယ်တော့ “ရှင်ဂို” ဟာ သူ့အဖေကြီးကို လာစွန့်ပစ်ပေမယ့် တစ်နေ့ကျရင် သူလည်း ဒီလို အစွန့်ပစ်ခံရမှာပါလားလို့တော့ လုံး၀ မစဉ်းစားမိပါဘူး။ ဒီလိုပါဘဲလေ. . “ရှင်ဂို” ရဲ့ အဖေ ငယ်စဉ်က သူ့အဖေ (ရှင်ဂိုရဲ့ အဖိုး) ကို စွန့်ပစ်ခဲ့တုန်းက လည်း တစ်နေ့မှာ ငါလည်း ဒီလို စွန့်ပစ်ခံရမယ်ဆိုတာ မတွေးမိခဲ့ပါဘူး။ အခု အဲဒီနေ့ကို ရောက်လာခဲ့ပြီလေ။ သူကိုယ်တိုင် သူ့သားရဲ့ စွန့်ပစ်မှုကို ခံရတော့မယ်။ နောက်ပြီး “ရှင်ဂို” လည်း အဲဒီနေ့မျိုးကို ရောက်ရပေဦးမယ်။

“ရှင်ဂို” ဟာ အတွေးတွေနဲ့ ချာချာလည် နေပါတယ်။ သူ့ပါးစပ်ကလည်း “သြော် - ငါလည်း ဒီလို ဖြစ်ရဦးမှာဘဲ ၊ ဒီလိုကြုံရဦးမှာဘဲ” ဆိုပြီး ငြီးတွားရေရွတ်နေပါတယ်။ သူ ဘာဆက်လုပ်ရမလဲ မသိဖြစ်နေပါတယ်။ နောက်တော့ သူ့အဖေကြီးကို တစ်ချက်ကြည့်လိုက် ၊ သူ့သားကို တစ်ချက်ကြည့်လိုက် နဲ့ ခေါင်းတစ်ဆတ်ဆတ် ငြိမ့်နေပါတယ်။ နောက်တော့ သူဟာ ဆုံးဖြတ်ချက်တစ်ခုကို ပိုင်ပိုင်နိုင်နိုင် ချမှတ် လိုက်ပါတယ်။

သူ့ဆုံးဖြတ်ချက်ကတော့ သူ့အဖေအိုကြီးကို သူနဲ့ အတူပြန်ခေါ်သွားဖို့ပါဘဲ။ ဒီလို ဆုံးဖြတ်ပြီးတာနဲ့ “ရှင်ဂို” ဟာ သူ့အဖေကြီးကို “ကဲ - အဖေ ၊ ဘာမှ စိတ်မပူနဲ့တော့ ၊ ငတ်လည်း အတူ ၊ သေလည်း အတူပဲ ၊ သားတို့နဲ့သာ အတူ ပြန်လိုက်ခဲ့ပေတော့” ဆိုပြီး သူ့အဖေအိုကြီးကို စောင်နဲ့ပတ် ကုန်းပိုးပြီး တောင်ပေါ်ကလေ (၃)ယောက်သား ပြန်ဆင်းလာခဲ့ကြပါတော့တယ်။

အိမ်ကို ရောက်တာနဲ့ ပထမဆုံး အလန့်တကြား အော်လိုက်သူကတော့ “ရှင်ဂို” ရဲ့ ဇနီးဖြစ်သူပါပဲ။ အထိတ်တလန့်နဲ့ အော်လိုက်တာ ဘေးနားက အိမ်တွေကတောင်မှ လန့်ဖြတ်သွားကြပါတယ်။ သူ့ယောင်္ကျားကို အော်ဟစ်ဆဲဆိုကြိမ်းမောင်းနေလိုက်တာ မကြားဝံ့မနာသာပါပဲ။ နောက်ဆုံး ရှင်ဂိုက ယောင်္ကျားသံနဲ့ ခပ်မာမာ ပြန်အော်လိုက်မှ ဒီမိန်းမ ငြိမ်သွားပါတော့တယ်။

အိပ်ယာထဲမှာ ခွေနေတဲ့ အဖွားကြီးလည်း ဆူဆူညံညံ အသံတွေကြောင့် ပြေးထွက်လာတဲ့အချိန်မှာ သူ့ယောင်္ကျား အဖိုးကြီးကို မြင်လိုက်ရတော့ အံ့အားသင့်လွန်းလို့ သတိလစ် လဲကျလုမတတ်တောင်မှ ဖြစ်သွားပါသတဲ့။ ပြီးတော့ အဖိုးကြီး နဲ့ အဖွားကြီး နှစ်ယောက်ဟာ တစ်ယောက်နဲ့ တစ်ယောက် ဖက်ပြီး ငိုနေလိုက်ကြတာလေ။ အဖွားကြီးက သူ့သား “ရှင်ဂို” ကို နှုတ်ကနေ “ကျေးဇူးတင်ပါတယ် သားရယ် ၊ ကျေးဇူးတင်ပါတယ် သားရယ်” နဲ့ တစ်ဖွဖွ ပြောနေလေရဲ့။

အိမ်နီးနားချင်းတွေလည်း လာပြီး စပ်စုကြတယ်။ အားလုံးက “ရှင်ဂို” ကို ဝိုင်းပြီး အပြစ်တင်ကြတယ်။ “လူမိုက်” လို့ ခေါ်ဝေါ် သမုတ်ကြတယ်။ နှာခေါင်းရှုံ့ကြတယ်။ ချီးမွမ်းတဲ့သူ မရှိဘူး။ ပြီးတော့ “အင်း ဒီနှစ်တော့ ဒီမိသားစုတစ်စုလုံး ငတ်ပြီး သေတော့မှာပဲ” ဆိုပြီး ပညာရှိလေသံနဲ့ ၀င်ပြီး ပြောတဲ့သူက ပြောကြတယ်။

“ရှင်ဂို” ကတော့ “အမှန်တရားကို ရုတ်တရက် သိလိုက်ရတဲ့အတွက်” သူ့ဆုံးဖြတ်ချက်ကို သူယုံပါတယ်။ ဘယ်သူ့စကားကိုမှ နားထောင်မနေတော့ပါဘူး။ သူက တစ်ခွန်းပဲ ပြန်ပြောလိုက်တယ်။ “အေး . . . ခင်ဗျားတို့လည်း တစ်နေ့အိုလာရင် ဒီလို အချိန်ကို ရောက်ရမှာပဲ။ အဲဒီအခါကျရင် တောင်ပေါ်မှာ ခွေးသေ၀က်သေ မသေချင်ကြရင် ဒီ “ဓလေ့ဆိုးကြီး” ကို ဖျက်ကြဖို့သင့်ပြီ” လို့ပဲ ပြောချလိုက်ပါတယ်။

အဲဒီနှစ် ဆောင်းတွင်းတစ်တွင်းလုံး အဲဒီရွာကလေးမှာ “ရှင်ဂို” ရဲ့ လုပ်ရပ်ကိုပဲ ပြောမဆုံးပေါင် တောသုံးထောင် ဖြစ်နေပါတော့တယ်။ ဟိုနား လူစုစုရှိရင်လည်း ဒီအကြောင်း ၊ ဒီနား လူစုစုရှိရင်လည်း ဒီအကြောင်းပဲ ပြောနေကြတော့တာပဲ။ အတော်များများကတော့ “ရှင်ဂို” လုပ်တာ မှားတယ်လို့ ဝေဖန်ကြတယ်။ နောက်တော့ “သူလုပ်တာ မှန်တယ်” ဆိုတဲ့ အသံတွေလည်း ထွက်လာပါတယ်။

ဒါပေမယ့် “ရှင်ဂို” ကို ရှုတ်ချတဲ့ လူတွေရော ၊ ထောက်ခံတဲ့ လူတွေပါ “တစ်နေ့ကျရင် ကိုယ့်အလှည့် ရောက်ရမယ်” ဆိုတဲ့ “ရှင်ဂို” ရဲ့ ပြတ်သားလှတဲ့ စကားကို နားထဲက မထွက်ကြဘူး ဖြစ်နေပါတယ်။

“ရှင်ဂို” ရဲ့ လုပ်ရပ်ကို “မိုးနတ်မင်း” ကြီးက ကောင်းချီးပေးလိုက်သလား မှတ်ရတယ်။ အဲဒီနှစ် ဆောင်းတွင်း ဟာ ခါတိုင်းထက် ပိုပြီး တိုတောင်းလှပါတယ်တဲ့။ ရှေ့မှီနောက်မှီ လူကြီးတွေ ပြောစကားအရ နှစ်ပေါင်း (၆၀-၇၀)အတွင်းမှာ ဒီနှစ်ဆောင်းတွင်းလောက် တိုတောင်းပြီး အအေးပေါ့တာ မကြုံဘူးဘူးလို့လည်း ပြောကြတယ်။ ပြောရရင်တော့ “ရှင်ဂို” တို့ မိသားစုဟာ “ကြောက်စရာကောင်းလှတဲ့ ဆောင်းရာသီကြီး” ကို ပေါ့ပေါ့ပါးပါး နဲ့ ဖြတ်သန်းသွားနိုင်ခဲ့ပါတယ်။ ဘာအငတ်ဘေးမှ မကြုံလိုက်ရပါဘူး။

နောက်နှစ်နွေဦးရာသီမှာ “ရှင်ဂို” ရဲ့ လုပ်ရပ်ဟာ အနီးအနား ရွာနီးချုပ်စပ်တွေအထိ သတင်းပြန့်နှံ့သွား ပါတယ်။ မှားတယ်လို့ ပြောတဲ့လူတွေ ရှိသလို မှန်တယ်လို့ ပြောတဲ့သူတွေလည်း မနည်းလှပါဘူး။ နောက်နှစ် ဆောင်းတွင်းတွေမှာတော့ “ရှင်ဂို” ကို အတုယူပြီး ကိုယ့်ရဲ့ မိအိုဖအိုတွေကို စွန့်မပစ်ဘဲ ရှိသမျှကို ဝေမျှစားမယ်ဆိုတဲ့ လူတွေ အလျှိုလျှို ပေါ်လာပါတယ်။ ပထမတော့ လူနည်းစုပေါ့။ နောက်တော့ တဖြည်းဖြည်းနဲ့ ဒီလုပ်ရပ်ဟာ မှန်တယ်ဆိုတာ နားလည်လာကြတယ်။ မိအိုဖအိုတွေအပေါ်မှာ ကိုယ်ချင်းစာစိတ် မွေးလာကြတယ်။ အေးအတူ ပူအမျှစိတ်မွေးလာကြတယ်။ “ရှင်ဂို” ရဲ့ ရဲရင့်ပြတ်သားတဲ့ ဆုံးဖြတ်ချက်တစ်ခုဟာ ဂျပန်ပြည်တစ်ခုလုံးကို တဖြည်းဖြည်း ပြန့်နှံ့သွားပါတော့တယ်။ မိအိုဖအိုတွေကို စွန့်မပစ်ကြတော့တဲ့ လူဦးရေက များသထက် များလာတယ်။

နောက် ရာစုနှစ် (၂၀၀)လောက်အတွင်းမှာတော့ “မိအိုဖအို” တွေကို စွန့်ပစ်တဲ့ ဓလေ့စရိုက်ဆိုးကြီးဟာ ဂျပန်ပြည်မှာ အပြီးတိုင် ပျောက်ကွယ်သွားပါတော့တယ်။

Credit: Original Author


blank

22 Blog posts

Comments
မောင်လူအေး (ဧရာဝတီ) 1 y

ကျေးဇူးပါ